ကိုယ်အလေးအနက်ထားရတဲ့ ချစ်သူက ကိုယ့်ကို မချစ်တော့ဘူး ၊ သွေးအေးသွားတဲ့အခါ ကမ္ဘာပျက်သလိုပဲ ခံစားတတ်ကြပါတယ်။ များသောအားဖြင့် ကိုယ့်အပေါ် ခံစားချက်မရှိတော့တဲ့ လူတစ်ယောက်ရဲ့ အပြုအမူတွေကို ကြည့်ရတာ လွယ်ပါတယ်။ မြင်သာထင်သာလည်း ရှိပါတယ်။ ဒါကိုပဲ သေချာအောင် ဆန်းစစ်ကြည့်ဖို့ အချက်လေးတွေ ပြောပြလိုက်ပါတယ်။

(၁) ဆက်ဆံရေးတွေ ကျဲလာတယ်

အရင်လို နွေးထွေးရင်းနှီးမှုတွေ ပျောက်ဆုံးလာတယ်။ နှစ်ကိုယ်ကြားမှာ တစ်ခါက ရှိထားဖူးတဲ့ ကြည်နူးချမ်းမြေ့မှုဇုံဟာ အေးခဲတင်းမာတဲ့ အန္တာတိကတိုက်တစ်နေရာလို ဖြစ်သွားပြီဆိုရင် အခြေအနေမကောင်းတော့ပါဘူး။ လုပ်နိုင်တာတစ်ခုက အကြောင်းရင်းကို ရှာဖို့ပါပဲ။

သင့်ချစ်သူကိုလည်း ပွင့်ပွင့်လင်းလင်းမေးဖို့ လိုပါတယ်။ ကိုယ့်ကြောင့် မဟုတ်တဲ့ ပြဿနာတစ်ခုခုကြောင့် အဆင်မပြေဖြစ်နေတာလားဆိုတာပါ ဖော်ထုတ်ဖို့ ပြောချင်ပါတယ်။

(၂) လျှို့ဝှက်လာတယ်

သင့်ဖုန်းကို ပြန်မဖြေတာလောက်က ပြဿနာ မဟုတ်ပါဘူး။ သူ့အတွင်းစိတ်ထဲမှာ ကြိတ်ပြီး ကိုယ်မသိအောင် ဝှက်ထားတဲ့အရာတွေကသာ စိုးရိမ်စရာပါ။ လူတိုင်းမှာ သူ့ကိုယ်ပိုင် လျှို့ဝှက်ချက်တွေ ရှိတာ သဘာဝပါ။ ဒါပေမယ့်လည်း ချစ်သူနှစ်ဦးအကြားမှာ လျှို့ဝှက်စရာ သိပ်များများစားစားမလိုပါဘူး။

တကယ်လို့ သင့်ကောင်မလေးမှာ သင်မသိစေချင်တဲ့ သူငယ်ချင်းအသစ်တွေ ရှိလာရင် ၊ သင်ကို ပေးမပြောတဲ့ ခရီးစဉ်တွေ ရှိနေရင် ဒါက ပြဿနာပဲလို့ ဆိုနိုင်ပါတယ်။

(၃) အကြောင်းရင်း မယ်မယ်ရရမရှိဘဲ စိတ်တွေ ဆိုးနေတယ်

ကျန်းမာရေးကြောင့်မှ မဟုတ်ရင် သင့်အပေါ် အသားလွတ်ကြီး စိတ်ဆိုးတဲ့ကိစ္စကလည်း စဉ်းစားစရာပါပဲ။ သင့်ဘက်က အမှားမရှိတာတောင် ဆီလိုရေလို အပေါက်ရှာတဲ့ ကိစ္စမျိုးက သူ့ဘက်မှာ တစ်ခုခု အကြံအစည်ရှိတာကြောင့်လို့ ပြောနိုင်ပါတယ်။ စိတ်ဆိုးရတဲ့ ကိစ္စကို ပြေပြေလည်လည် မေးပါ။ အေးအေးဆေးဆေး ဖြေရှင်းပါ။ သင့်ကို မချစ်တော့တာကြောင့် မဟုတ်ဘဲ တခြားကိစ္စကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၄) အရေးပါတဲ့ နေ့တွေ မေ့လာတယ်

ဒီအချက်က တစ်ခါတလေ သေချာစဉ်းစားရမယ့်အထဲ ပါနေပါတယ်။ ဒါပေမယ့်လည်း သူသူ ကိုယ်ကိုယ် ကိုယ့်မွေးနေ့တောင် ကိုယ်မေ့ရအောင် အလုပ်များတာတွေ ၊ စိတ်ရှုပ်ထွေးပင်ပန်းနေတာတွေ ရှိစမြဲမဟုတ်လား။ ဒါမျိုး မေ့တာကို စိတ်ဆိုးလို့ မရပါဘူး။

မေ့ရင် အစဖော်ပေးဖို့ပဲ လိုပါတယ်။ အစဖော်တာတောင် မထူးဆန်းသလို လုပ်နေရင် ၊ ဂရုမစိုက်တော့ရင်တော့လည်း ဒီကိစ္စကို ပေါ့ထားလို့ မဖြစ်တော့ပါဘူး။

(၅) သင့်ခံစားချက်ကို ဂရုမစိုက်တော့ဘူး

ဟိုအရင်တုန်းကလို တီတီတာတာ အသုံးအနှုန်းလေးတွေနဲ့ စကားပြောတော့ဘူး ၊ အရင်လို ဂရုစိုက်မှုတွေ မရတော့ဘူးဆိုရင်လည်း သင့်ကို မချစ်တော့တာ ဖြစ်နိုင်တာပါပဲ။ သင့်ခံစားချက်တိုင်းကို လိုက်ပြီး Care လုပ်ပေးဖို့ သူ့မှာ တာဝန်မရှိပါဘူး။ ချစ်သူကို ကြင်နာဖို့ပဲ ဝတ္တရားရှိတာပါ။ ဒါပေမယ့် တကယ်ဂရုမစိုက်တော့တာ များလာရင်တော့ သင်တို့အတွဲအတွက် ရာသီဥတုမကောင်းလှဘူးလို့ပဲ ပြောပြချင်ပါတယ်။