ကံကောင်းခြင်း ဆိုတာ လူတိုင်းလိုချင်တဲ့အရာပါ။ ကံကောင်းချင်ရင် ကောင်းတာတွေ များများလုပ်ရမယ် တခြားသူတွေအပေါ် စိတ်ကောင်းထားရမယ်လို့ ဆိုကြပါတယ်။

တချို့သူတွေက ကံကောင်းစေဖို့ အဆောင်ပစ္စည်းလေးတွေ အိမ်မှာ ရုံးမှာ ဒါမှမဟုတ် ကိုယ်နဲ့မကွာ ဆောင်တတ်ကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကံကောင်းတယ်ဆိုတာ အပြုသဘောဆောင်ပြီး ပျော်စရာလဲကောင်းပါတယ်။

အခုပြောပြမှာက လူတွေက ကံကောင်းစေတယ်လို့ သတ်မှတ်ထားတဲ့ အဆောင်ပစ္စည်းလေးတွေ ဖြစ်ပါတယ်။

(၁) ကံကောင်းခြင်းသစ်ရွက်

အရွက်လေးရွက်ပါတဲ့ ကံကောင်းခြင်းသစ်ရွက်ဟာ ရှေးယခင်ကတည်းက လူတွေက ကောင်းကံစေတယ်လို့ သတ်မှတ်ထားတဲ့ သင်္ကေတတခုပါ။ ဗြိတိန်မှာ အစောဆုံးနေထိုင်ခဲ့ကြတဲ့ Celts လူမျိုးတွေကတော့ ကံကောင်းခြင်း သစ်ရွက်ဟာ နတ်သူငယ်တွေကိုတောင်မြင်ရပြီး ကံဆိုးခြင်းကိုဖြစ်စေတဲ့ မကောင်းတဲ့အကြံအစည်တွေရှိရင်လဲ ဖယ်ရှားပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ကံကောင်းခြင်းသစ်ရွက်မှာပါတဲ့ အရွက်လေးရွက်က ယုံကြည်မှု၊ မျှော်လင့်ချက်၊ အချစ်နဲ့ ကံကောင်းခြင်းတွေကို ကိုယ်စားပြုပါတယ်။

(၂) သံမြင်းခွာ

သံမြင်းခွာတွေဟာ ကံကောင်းစေတဲ့ စွမ်းအားတွေပေးတယ်လို့ လူတွေ အယုံကြည်ကြဆုံး အဆောင်တစ်ခုပါ။ ဒဏ္ဍာရီတစ်ခုမှာ မြင်းခွာတွေဆိုတာ အစဉ်အလာအားဖြင့် သံနဲ့ပြုလုပ်ထားတာဖြစ်တဲ့အတွက် ကံကောင်းစေတာလို့ ဆိုပါတယ်။

မကောင်းတဲ့ နတ်သူငယ်တွေက သံကိုကြောက်တဲ့အတွက် သံမြင်းခွာရှိတဲ့ အိမ်တွေနားကပ်လို့ မရနိုင်ဘူးလို့လည်း ဆိုပါတယ်။

(၃) ရွှေငါး

တရုတ်(ဖုန်းရွှေ) ပညာရပ်မှာ ရွှေငါးတွေဆိုတာ ကံနဲ့ကြွယ်ဝမှုကို ဆွဲဆောင်နိုင်တယ်လို့ ဆိုကြပြီး နဂါးနဲ့မြင်းတွေကတော့ ကံကောင်းစေတယ်လို့ ဆိုပါတယ်။

ရွှေငါးတွေက ကံကောင်းစေတာအပြင် အလှဆုံးနဲ့ဆွဲဆောင်မှုအရှိဆုံး အိမ်မွေးတိရစ္ဆာန်တွေထဲမှာလဲ အပါအဝင်ဖြစ်ပါတယ်။ သင့်အိမ်မှာရွှေငါးမွေးထားရင် သူတို့ကအိပ်ထဲမှာရှိတဲ့ မကောင်းတဲ့အရာတွေကို စုပ်ယူပြီး အပြုသဘောဆောင်တဲ့ ကောင်းတဲ့စွမ်းအင်တွေကို ထုတ်လွှတ်ပေးတယ်လို့ ဆိုပါတယ်။

(၄) သက်တန့်

သက်တန့်တွေက အရင်ခေတ်က စီးပွားရေးလုပ်ငန်းတွေအတွက်တော့ အလွန်လာဘ်ကောင်းတဲ့ နိမိတ်ပါ။ သက်တန့်ရဲ့အဆုံးမှာ ရှိတဲ့နေရာကို တူးကြည့်ရင် ရွှေအိုးတွေ့ရတယ်လို့လည်း ဆိုကြပါတယ်။

(၅) Dracaena ဝါးပင် (သို့) Lucky Bamboo

တကယ်တော့ Dracaena ဝါးပင်ဆိုတာ ရိုးရိုးဝါးပင်နဲ့ ဆင်တူပေမယ့် ဝါးပင်မျိုးမဟုတ်ပါဘူး။ သူက နေအိမ်အဆောက်အအုံတွေမှာ ထားလေ့ရှိပြီး ကံကောင်းစေတဲ့ဂုဏ်သတ္တိရှိတဲ့ မာကြောတဲ့ အကြမ်းခံသက်ရှည်ပင်တမျိုးပါ။

ပင်စည်တခုမှာ ရိုးတံသုံးခုပါရင် ပိုင်ရှင်ကိုပျော်ရွှင်မှု၊ ကြွယ်ဝမှုနဲ့ သက်ရှည်ချမ်းသာမှုကို ပေးတယ်လို့ဆိုပါတယ်။ တချို့အပင်တွေမှာဆို ရိုးတံသုံးခုထက်မက ပါနေတတ်ပြီး ပိုကောင်းကံစေတယ်လို့ ဆိုကြပါတယ်။