ညအိပ်ညနေခရီးရှည်သွားတာပဲဖြစ်ဖြစ်၊ နေ့ချင်းပြန်ခရီးတိုလေးတွေ သွားမှာပဲဖြစ်ဖြစ် ခရီးတခုခုသွားတော့မယ်ဆိုရင် ကျွန်မတို့ မိန်းကလေးတွေရဲ့လိုအပ်တဲ့ပစ္စည်းတွေဟာ ယောကျ်ားလေးတွေထက်ပိုပြီးများတာမို့ ဟိုဟာလေးလည်း ယူသွားချင်၊ ဒီဟာလေးလည်းမချန်ခဲ့ချင်နဲ့ List သေချာလုပ်ပြီး ထည့်တာတောင် တခါတလေမှာ ကိုယ်သွားတဲ့ခရီးကိုရောက်မှ ကိုယ်လိုအပ်တဲ့အရာက မေ့ကျန်ခဲ့ပြီး ပါမလာတာမျိုးဖြစ်တတ်ပါတယ်။

ခုလိုနွေရာသီမှာ Beach သွားတာပဲဖြစ်ဖြစ်၊ အခြားခရီးတိုလေးတွေသွားတာပဲဖြစ်ဖြစ် မိန်းကလေးတိုင်းက ဓာတ်ပုံလှလှလေးတွေတော့ ရိုက်ကြမှာအမှန်ပဲ ဆိုတော့ ပျိုမေတို့ စတိုင်ကျကျနဲ့ အလန်းစားပုံလေးတွေ ရိုက်လာလို့ရအောင် ယူသွားရမယ့် Accessories List လေးကို ပြောပြပေးပါမယ်။

Straw Hats – နွေရာသီ အပန်းဖြေခရီးမှာ စတိုင်ကျကျနဲ့လန်းနိုင်ဖို့ မပါမဖြစ်ကတော့ ကောက်ရိုးနဲ့ယက်ထားတဲ့ ဦးထုတ်တွေပါပဲ။ နွေနေပူပူကို ကာကွယ်ပြီးသားဖြစ်သလို စတိုင်လည်းကျစေမှာမို့ မရှိမဖြစ်ပါပဲ။

Cat-Eye Sunglasses – နေကာမျက်မှန်ပုံစံမျိုးစုံရှိတဲ့အထဲမှာမှ Cat-Eye နေကာမျက်မှန်တွေမှာ Vintage အငွေ့အသက်တွေ တွေ့ရတာမို့ နွေရာသီအပန်းဖြေခရီးတွေနဲ့ အလိုက်ဖက်ဆုံးပါပဲ။ Cat-Eye တလက်နဲ့ ဆိုရင်တော့ ဓာတ်ပုံထဲမှာလည်း စတိုင်ကျကျနဲ့ လန်းနိုင်မှာအသေအချာပါပဲ။

Espadrilles – ဒီစကားလုံးကတော့ ကျွန်မတို့နဲ့ သိပ်မရင်းနှီးဘူးလို့ထင်ပါတယ်။ ဒါက ဖိနပ်အမျိုးအစားတခုပါပဲ။ ဖိနပ်ရဲ့အောက်ခံ Sole ကို ဂုန်လျှော်တွေ၊ လျှော်မျှင်တွေနဲ့ ကျစ်ဆံမြီးကျစ်ထားသလို ရက်လုပ်ထားပြီး ခုံထူဖိအနပ်ဖြစ်ပေမယ့် စီးရတာပေါ့ပါးပြီး သက်တောင့်သက်သာရှိလှတဲ့ ဖိနပ်တွေကို ပြောတာဖြစ်ပါတယ်။ နွေရာသီမှာ သက်တောင့်သက်သာရှိတဲ့အပြင် လှပစတိုင်ကျစေပြီး ဒီဇိုင်းမျိုးစုံလည်းရှိတာမို့ ကိုယ်နှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

Hoop Earrings – ခပ်ကြီးကြီး နားကွင်းတစုံက နွေရာသီနဲ့ အလိုက်ဖက်ဆုံးဖက်ရှင်တခုဆိုတာ သင်သိပါသလား။ သိသွားပြီဆိုရင်တော့ ပျိုမေတို့ရဲ့ ယူသွားရမယ့် List ထဲ အခုပဲထည့်လိုက်ပါတော့။ ပူပြင်းလှတဲ့နွေရာသီမှာ မိတ်ကပ်ခပ်ပါးပါးပဲလိမ်းပြီး Statement နားကွင်းခပ်ကြီးကြီးတစုံရယ် နေကာမျက်မှန်တလက်ရယ်နဲ့ကို သင့်ရဲ့စတိုင်က အလွန်လန်းနေပါပြီ။

Wicker Bags – ကြိမ်တို့ ၊ ဝါးတို့နဲ့ ရက်လက်ထားတဲ့ အိတ်တွေကိုပြောတာပါ။ ဒီလိုအိတ်တွေကို မနှစ်သက်တဲ့ မိန်းကလေးမရှိနိုင်ပါဘူး။ နွေရာသီမှာ သင့်ရဲ့ လွယ်နေကျ Leather Bag တွေကို ခဏလောက်ချောင်ထိုးထားပြီး Wicker Bag လေးတွေနဲ့ စတိုင်ထုတ်လိုက်ကြရအောင်နော်။ သဘာဝ ဆန်လှတဲ့ ဒီအိတ်လေးတွေက နွေနဲ့ လိုက်ဖက်လွန်းစွာ သင့်ရဲ့စတိုင်ကို အရင်ထက်ပိုလန်းစေမှာ အမှန်ပါပဲ။

Baseball Caps – ဘယ်တော့မှ ရိုးပြီးပျောက်ကွယ်မသွားမယ့်ထဲမှာ Cap ဦးထုတ်လေးတွေ အပါအဝင်ပါပဲ။ မိန်းကလေးဆန်တဲ့ ဖက်ရှင်ထက် Sporty ဖက်ရှင်ကို နှစ်သက်သူ ပျိုမေတို့အတွက် လျှာပါတဲ့ ဦးထုတ်လေးတလုံးက ခရီးသွားဖက်ရှင်အတွက် မရှိမဖြစ်ပါပဲ။

ဒါတွေကတော့ ပျိုမေတို့အတွက် နွေရာသီအပန်းဖြေခရီးမှာ အသုံးဝင်စေမယ့် ဖက်ရှင်နဲ့ပတ်သက်တဲ့ မပါမဖြစ် ပစ္စည်းလေးတွေဖြစ်ပါတယ်။ SPF ပမာဏများများပါဝင်တဲ့ နေရောင်ကာခရင်မ်ကိုလည်း ထည့်သွားဖို့ မမေ့ကြနဲ့ဦးနော်။ သာယာပျော်ရွှင်တဲ့ ခရီးလေးဖြစ်ကြပါစေရှင်။