အိမ်ထောင်တစ်ခုထူထောင်တဲ့အခါမှာ ယောကျ်ားလေးရော မိန်းကလေးပါ တာဝန်ဝတ္တရားတွေက ပြည့်နေပါတယ်။ ဘဝခရီးတစ်ခုကိုအတူတူဖြတ်သန်းကြတဲ့အခါမှာ ဦးဆောင်သူယောကျ်ားလေးဟာ အိမ်ဦးနတ်အဖြစ်နဲ့ အိမ်ထောင်ရေးမှာ ခေါင်းဆောင်တစ်ယောက်နေရာကနေ ကြီးမားတဲ့တာဝန်ကို ယူထားရသူဖြစ်ပါတယ်။

အိမ်ထောင်တစ်ခုသာယာပျော်ရွှင်ဖို့ အိမ်ဦးနတ်တစ်ယောက်မှာ ပြီးပြည့်စုံတဲ့ အရည်အချင်းတွေရှိဖို့လိုအပ်ပါတယ်။

ချစ်ခြင်းမေတ္တာ

Photo : Pinterest

တစ်ဦးနဲ့တစ်ဦးခိုင်မာတဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်တစ်ခုဟာ ပြိုကွဲပျက်စီးဖို့ မလွယ်ကူပါဘူး။ ဒီလိုချစ်ခြင်းမေတ္တာကို ရရှိပိုင်ဆိုင်ဖို့အတွက် အိမ်ဦးနတ်ရဲ့ ကြင်နာယုယမှု၊ ချစ်ခင်မြတ်နိုးမှုတွေဟာ အရေးကြီးတဲ့အချက်ပဲဖြစ်ပါတယ်။

နားထောင်တတ်မှု

Photo : Best Life

ခင်ပွန်းနဲ့ဇနီးသည်ကြားမှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားတတ်မှုဟာ အဓိကကျတဲ့အချက်ဖြစ်ပါတယ်။ ခင်ပွန်းသည်အနေနဲ့ ကိုယ့်ဇနီးရဲ့စိတ်ဆန္ဒ၊ ရင်ထဲကစကားတွေကို အလေးအနက်ထားနားထောင်ပေးဖို့ လိုအပ်ပါတယ်။ ဒါဟာခင်ပွန်းကောင်းတစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေပဲဖြစ်ပါတယ်။

သာယာတဲ့အိမ်ထောင်ရေးဆက်ဆံမှု

Photo : Mas & Pas

ခင်ပွန်းကောင်းတစ်ယောက်ဟာ ကိုယ့်ဇနီးကိုချစ်ခင်ဂရုစိုက်တဲ့နေရာမှာ နေ့ခင်းဘက်လူမြင်ကွင်းမှာတင် ဂရုစိုက်နေလို့ မပြီးသေးပါဘူး။ နက်နဲတဲ့နှစ်ဦးသားဆက်ဆံရေးတွေမှာလည်း ဇနီးသည်ရဲ့စိတ်ဆန္ဒကို အလေးထားပြီး ကြင်နာယုယမှုတွေနဲ့အတူ သာယာတဲ့အိမ်ထောင်သည်ဘဝကို တည်တံ့ခိုင်မြဲနိုင်အောင် စွမ်းဆောင်သွားဖို့လည်း လိုအပ်ပါတယ်။

အိမ်ဝေယျာဝစ္စ

Photo : LiveAbout

စတိုင်ကျပြီးချစ်စရာကောင်းလွန်းတဲ့ ယောကျ်ားတစ်ယောက်ရဲ့အမူအကျင့်တွေထဲမှာ ဇနီးသည်ရဲ့အိမ်မှုကိစ္စတွေကို ကူညီလုပ်ကိုင်ပေးတတ်တဲ့ အကျင့်တစ်ခုပါဝင်ပါတယ်။ ချက်ပြုတ်၊ လျှော်ဖွတ်၊ အိမ်သန့်ရှင်းရေး စတဲ့အိမ်မှုဝေယျဝစ္စတွေကို အချိန်ရရင်ရသလို ကူညီလုပ်ကိုင်ပေးတတ်တဲ့ အိမ်ဦးနတ်တစ်ယောက်ရဲ့အရည်အချင်းဟာ အံ့မခန်းစရာပါပဲ။

ဝင်ငွေရှာဖွေမှု

Photo : Her World

အိမ်ဦးနတ်တစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့အရည်အချင်းတွေထဲမှာ ဝင်ငွေရှာဖွေပေးနိုင်မှုလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ကို တင့်တောင့်တင့်တယ်ရှာဖွေကျွေးမွေးထားနိုင်တဲ့ အရည်အချင်းဟာ တော်ရုံယောကျ်ားတစ်ယောက်အနေနဲ့ ခက်ခဲလွန်းလှပါတယ်။ အရည်အချင်းရှိတဲ့ အိမ်ထောင်ဦးစီးမှာသာ စွမ်းဆောင်နိုင်တဲ့တာဝန်မျိုးပဲဖြစ်ပါတယ်။