ဆောင်းရာသီကအခြားအချိန်တွေထက် အသားပတ်တာ၊ အရေပြားအစိုဓာတ်ခမ်းခြောက်တာတွေ ဖြစ်တတ်တာကြောင့် အသားအရေကိုပုံမှန်ထက် ပိုဂရုစိုက်ပေးဖို့လိုပါတယ်။ ဒါပေမယ့် သင်က အဆင့်ဆင့် အားထုတ်စရာမလိုဘဲ အသားအရေထိန်းသိမ်းချင်ရင်တော့ လွယ်ကူထိရောက်စေမယ့် ဆောင်းရာသီ Skincare နည်းတွေကို သိထားနိုင်ရင်အကောင်းဆုံးပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာ အချိန်အများကြီးပေးစရာမလိုဘဲ ရိုးရိုးရှင်းရှင်းနဲ့ အသားအရေအလှအပထိန်းသိမ်းချင်တဲ့ ပျိုမေတို့အတွက် လုပ်ရလွယ်တဲ့ ဆောင်းရာသီ Skincare နည်းလမ်းကောင်းတွေအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

၁။ အသားအရေအတွက် ရေများများသောက်ပါ


အေးတဲ့ရာသီမှာရေသိပ်မဆာတတ်တာကြောင့် တစ်ခါတစ်ရံရေသောက်ဖို့ မေ့နေတတ်ပါတယ်။ အသားအရေ မခြောက်သွေ့စေဖို့ ရေပုံမှန်သောက်ခြင်းကလည်း အရေးပါတာကြောင့် အသားအရေစိုပြေချင်တဲ့ ပျိုမေတိုင်း တစ်နေ့ အနည်းဆုံး ရေ (၇) ခွက်ကနေ (၈) ခွက်အထိသောက်ပေးသင့်ပါတယ်။

၂။ ကျန်းမာတဲ့စားသောက်ပုံနဲ့ Lifestyle တွေရှိဖို့လိုပါတယ်


ထွေထွေထူးထူး Skincare မလုပ်ချင်တဲ့သူတွေအနေနဲ့ စားသုံးတဲ့အစားအသောက်တွေနဲ့ အိပ်ချိန်စတာတွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။ အသားအရေအတွက်အကျိုးပြုစေမယ့် Omega 3 ပါဝင်တဲ့ငါးတွေ၊ သစ်ကြားသီးနဲ့ Chia Seeds စတာတွေကို စားသုံးပေးပါ။ အရေးအကြောင်းကင်းပြီးတောက်ပတဲ့အသားအရေအတွက် တစ်နေ့ကို အနည်းဆုံး (၇) နာရီ (၈) နာရီခန့် အိပ်စက်အနားယူပေးဖို့လည်းမမေ့သင့်ပါဘူး။

၃။ ရေနွေးနွေးနဲ့ရေချိုးပါ


ရေချိုးတဲ့အခါ မပူမအေးတဲ့ ခပ်နွေးနွေးရေကို အသုံးပြုပေးပါ။ အပူချိန်များတဲ့ရေက အရေပြားအတွက် အသုံးဝင်တဲ့ သဘာဝအဆီဓာတ်တွေ ဖယ်ရှားလိုက်သလိုဖြစ်စေပြီး အသားခြောက်လာစေတာကြောင့် အပူချိန်အရမ်းမများအောင်တော့ သတိထားပေးဖို့လိုပါတယ်။

၄။ Moisturizer ပုံမှန်သုံးဖို့အရေးကြီးပါတယ်

အသားပတ်ခြင်းကိုကာကွယ်ဖို့ အစိုဓာတ်လုံလောက်အောင်ပေးနိုင်တဲ့ Moisturizer တစ်မျိုးကိုပုံမှန်သုံးပေးပါ။ အထူးသဖြင့် အေးတဲ့အချိန်မှာ မျက်နှာသစ်ပြီးနောက် အရေပြားအဆီနဲ့ အစိုဓာတ်လျော့ပါးပြီး ခြောက်ကပ်လွယ်တာကြောင့် ဒီလိုအချိန်တွေမှာ Moisturizer ကိုမဖြစ်မနေလိမ်းပေးဖို့လိုပါတယ်။ Hyaluronic Acid နဲ့ Cetamides တို့ပါဝင်တဲ့ Moisturizer မျိုးကိုအသုံးပြုဖို့အကြံပြုချင်ပါတယ်။

၅။ Sunscreen လိမ်းဖို့လည်းမမေ့ပါနဲ့

Sunscreen ကရာသီမရွေးအသုံးပြုသင့်တဲ့ Skincare အဆင့်ဖြစ်ပြီး အပြင်မထွက်ဖြစ်တဲ့အချိန်တွေမှာလည်း အနည်းဆုံး မနက်တစ်ကြိမ် ပုံမှန်လိမ်းပေးဖို့လိုပါတယ်။ Sunscreen ပုံမှန်လိမ်းတာက မျက်နှာအရေးအကြောင်းတွေကို လျှော့ချပေးနိုင်တဲ့အပြင် နေလောင်ခြင်းကြောင့် အရွယ်မတိုင်ခင် အသားအရေပျက်စီးမှုတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar