ဘဝမှာ လူတစ်ယောက်ကို နှစ်နှစ်ကာကာ ချစ်ဖူးသူတိုင်း အသည်းကွဲဝေဒနာကို နက်နက်ရှိုင်းရှိုင်း ခံစားဖူးကြမှာပါ။ ကိုယ်ချစ်တဲ့လူတစ်ယောက်ကို လမ်းခွဲနှုတ်ဆက်ရတဲ့အချိန်က အနာကျင်ရဆုံးနဲ့ အခက်ခဲဆုံး အချိန်တစ်ခုဖြစ်ပါတယ်။

အသည်းကွဲဝေဒနာဟာကုစားဖို့ ခက်သလို လူတစ်ယောက်ကိုမေ့ဖို့ ဆိုတာလည်းထင်သလောက်တော့ မလွယ်ကူလှပါဘူး။ ဒီတစ်ခေါက်မှာတော့ လမ်းခွဲပြီးတဲ့ အဆက်ဟောင်းကို မေ့ပစ်ရခက်နေတဲ့သူတို့အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ချို့ကို ပြောပြပေးချင်ပါတယ်။

(၁) ဖြစ်ပျက်ခဲ့တဲ့အရာတွေကိုလက်ခံလိုက်ပါ

တစ်ချိန်ကချစ်ခဲ့ကြပေမယ့် လက်ရှိမှာ တစ်ယောက်နဲ့တစ်ယောက် လမ်းခွဲပြတ်စဲသွားပြီဆိုတဲ့ အခြေအနေကလွယ်လွယ်နဲ့တော့ လက်ခံရခက်ခဲနေမှာမှန်ပါတယ်။သို့သော်လည်း အတိတ်ကအခြေအနေတွေပဲ ခေါင်းထဲမှာဆက်တိုက်တွေးနေပြီး လက်ရှိအခြေအနေကို လက်မခံနိုင်ရင် ကိုယ်ပဲစိတ်ဓာတ်ကျ စိတ်ဆင်းရဲရပြီး ပိုခံစားရမှာဖြစ်ပါတယ်။ သူနဲ့ပတ်သတ်မှု ပြီးဆုံးသွားပြီဆိုတာကို လက်ခံနိုင်ခြင်းက မေ့ပျောက်ဖို့ ပထမခြေလှမ်းဖြစ်ပါတယ်။

(၂) အတိတ်အခြေအနေတွေကနေ ရုန်းထွက်ပါ

လူနှစ်ယောက်တွဲလာတဲ့ သက်တမ်းတစ်လျောက်မှာ ပျော်ရွှင်စရာအမှတ်တရတွေ ခမ်းနားတဲ့ စိတ်ကူးယဥ်အနာဂတ်တွေဆိုတာ ရှိကြမှာပါ။ ဒါပေမယ့် လက်ရှိအခြေအနေမှာ ဒီအရာတွေအားလုံးက ပျက်စီးပျောက်ကွယ်သွားပြီဆိုတာ သတိရပါ။ အတိတ်ကအမှတ်တရတွေ အခြေအနေတွေကို ထိုင်တွေးပြီးဆွေးနေရုံနဲ့ ပျောက်ကွယ်သွားတဲ့ အချစ်က ကိုယ့်အနားပြန်ရောက်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် အမှတ်တရပစ္စည်းတွေ ဓာတ်ပုံ မက်ဆေ့တွေ စသည်ဖြင့် သူ့ကိုသတိရစေမယ့် အရာအားလုံးကိုတစ်ခါထဲသာ ဖျက်ပစ်လိုက်ပါ။

(၃) အမှတ်တရအသစ်တွေ ဖန်တီးပါ

လမ်းခွဲပြီးချိန် ထိုင်ဖီးလ်နေတာထက် ဘဝမှာမလုပ်ဖူးသေးတဲ့ အရာတွေကို လုပ်ဆောင်ကြည့်ခြင်းက အဆက်ဟောင်းကိုမေ့ပစ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ မသွားဖူးသေးတဲ့နေရာတွေ မစားဖူးသေးတဲ့ အစားအစာတွေ မလုပ်ဖူးသေးတဲ့ အားကစားနည်းတွေ စသည်ဖြင့် သင်ဘဝထဲမှာ အမှတ်တရအသစ်တွေကို သူငယ်ချင်းတွေနဲ့ ဖြစ်စေ မိသားစုတွေနဲ့ ဖြစ်စေလုပ်ဆောင်ခြင်းက အဆက်ဟောင်းကိုမေ့ပစ်ဖို့ ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိစေမှာဖြစ်ပါတယ်။

(၄) ကိုယ့်ကိုယ်ကိုပျော်အောင်ထားပါ

ဘဝမှာ ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ အသည်းကွဲနေချိန်မှာ ကိုယ့်ကိုယ်ကို ပိုပြီးဂရုစိုက်နေသင့်ပါတယ်။ ကိုယ့်ကိုယ်ကို စိတ်ချမ်းသာအောင်ထားပါ။ ပျော်ရွှင်အောင်ထားပါ။ အချိန်အတိုင်းအတာတစ််ခုအထိ ခံစားပြီးရင် အရာအားလုံးက ပုံမှန်အတိုင်းနေသားတကျ ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုဒုက္ခရောက်စေမယ့် အရာတွေ အတတ်နိုင်ဆုံးရှောင်ကျဥ်ပြီး ပျော်တဲ့အရာတွေ လုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။