ပိုက်ဆံမဖြုန်းတီးဖို့ ပိုက်ဆံစုဖို့ စဉ်းစားမိကြပေမဲ့ အချိန်မဖြုန်းမိဖို့ကိုတော့ ဘယ်သူမှ မတွေးမိတတ်ကြပါဘူး။ ကုန်ဆုံးသွားတဲ့ပိုက်ဆံတွေကို ပြန်စုလို့ရပေမဲ့ ကုန်ဆုံးသွားတဲ့အချိန်တွေကိုတော့ ပြန်စုလို့မရပါဘူး။ လူတော်တော်များများကတော့ သူတို့ကိုယ်သူတို့ အချိန်ဖြုန်းနေကြတယ်လို့ မထင်ကြပါဘူး။ ပြီးတော့ ကိစ္စတစ်ခုခုပြုလုပ်တဲ့အခါ ဘယ်တော့မှ နောက်ကျတယ်ဆိုတာမရှိဘူးလို့ ထင်တတ်ကြပါတယ်။ ဒါ့အပြင် အခြားသူတွေကိုလည်း သူတို့လိုပဲ အချိန်ဖြုန်းနေကြအောင် လိုက်နှောင့်ယှက်တတ်ကြပါသေးတယ်။
အရာရာတိုင်းကို နီးကပ်မှ လောလော လောလော လုပ်နေတာထက်စာရင် စောစောစီးစီးကြိုလုပ်ထားပြီး အချိန်ကို အကျိုးရှိအောင် ဘယ်လိုကျင့်ယူမလဲဆိုတာကို ကြည့်ကြရအောင်နော်။
၁။ အချိန်မှန် အိပ်ရာထမယ်
စောစောမထနိုင်ဘဲနဲ့ Alarm ပြန်ပိတ်ဖို့တစ်ခုတည်းအတွက်နဲ့ Alarm မပေးထားပါနဲ့။ နှိုးစက်ပေးထားရင်လည်း နိုှုးစက်သံကြားတာနဲ့ ချက်ချင်းထပါ။ လူအများစုက နှိုးစက်သံကြားတာနဲ့ နှိုးစက်ပိတ်ပြီး မိနစ်အနည်းငယ်လောက် ပြန်အိပ်ချင်ကြပါတယ်။ အိပ်တာအရှိန်လွန်သွားလို့ နောက်ကျမှ ထမိတဲ့အခါမှာ မိမိကိုယ် မိမိ အပြစ်တင်မဆုံးဖြစ်နေကြပါတယ်။ အကယ်၍ ကိုယ်သတ်မှတ်ထားတဲ့အချိန်အတိုင်း စောစောထမယ်ဆိုရင် ဘာကိုမှ အလောတကြီးလုပ်စရာမလိုတော့ဘဲ အရာအာလုံးစနစ်တကျဖြစ်နေမှာပါ။ ဝီရိယဆိုတာ ပိုတယ်လိုတယ် မရှိပါဘူး။
၂။ အလုပ်တစ်ခုပြီးမှ နောက်တစ်ခုလုပ်ပါ
Photo Source: dysfunctionalrequirements.com
အလုပ်မြန်မြန်ပြီးချင်ဇောနဲ့ အလုပ်အားလုံးကို တစ်ပြိုင်တည်းပြုလုပ်တာမျိုးကို ရှောင်ကြဉ်ပါ။ အာရုံမပျံ့လွင့်အောင်လို့ အလုပ်တစ်ခုတည်းကိုပဲ အာရုံစိုက်ပါ။ ပြဿနာဖြေရှင်းတဲ့အခါမှာလည်း တစ်ခုပြီးမှ တစ်ခုဖြေရှင်းပါ။ တစ်ပြိုင်တည်းနဲ့ အလုပ်အများကြီးလုပ်တာက အချိန်ပိုကုန်တဲ့အပြင် အကျိုးရလဒ်ကောင်းတွေလည်း ရမှာမဟုတ်ပါဘူး။
၃။ အင်တာနက်သုံးတာကိုလည်း ကန့်သတ်ထားမယ်
Photo Source: www.thenational.ae
ဆိုရှယ်မီဒီယာတွေကို လုံးဝမသုံးပဲ မနေနိုင်ဘူးဆိုရင် မိမိကိုယ်ကိုစည်းကမ်းလေးတစ်ခုသတ်မှတ်ထားပြီးတော့ အသုံးပြုမဲ့အချိန်ကို ကန့်သတ်ထားပါ။ အချိန်ကုန်သက်သာတာကို သင်မျက်ဝါးထင်ထင် တွေ့မြင်ရမှာပါ။
၄။ အသုံးအဆောင်ပစ္စည်းများကို တူရာအမျိုးအစားစုပြီး တစ်သတ်မှတ်ထဲထားပါ
Photo Source: www.getold.com
သွားခါနီး လာခါနီး သော့ပျောက်လို့ ရှာနေရတာနဲ့ တစ်နေ့တစ်နေ့ အချိန်ကုန်မှန်းမသိကုန်ရပါတယ်။ အခြားပစ္စည်းတွေလည်း လိုချင်ရင် ချက်ချင်းမတွေ့ဘဲ ရှာနေရတာလည်း အလုပ်ပိုပါတယ်။ အဲ့လိုမဖြစ်ရအောင် အပြင်ကပြန်လာရင် သော့တွဲတွေကို သော့ထားတဲ့နေရာမှာ စနစ်တကျပြန်ထားမယ်။ စာအုပ်တွေဆိုရင်လည်း ယူပြီးသားနေရာမှာ ပြန်ထားပေးမယ်။ အခြားအမျိုးအစားတူတဲ့ ပစ္စည်းတွေကိုလည်း တူရာတူရာ စုထားပေးမယ်ဆိုရင် စနစ်တကျဖြစ်သွားတဲ့အပြင် အချိန်ကုန်လည်း သက်သာစေပါတယ်။