အသက်ငယ်သေးတဲ့အချိန်၊ ဆယ်ကျော်သက်အချိန်တွေမှာတော့ ကိုယ်ပျော်သလိုနေလို့ရပေမယ့် အသက် ၂၅ ကျော်လာတဲ့အခါမှာတော့ အရာရာကို ပြောင်းလဲလိုက်သင့်ပါပြီ။

ကိုယ့်ရဲ့စိတ်တွေ၊ ကိုယ့်ရဲ့အကျင့်တွေနဲ့ အပြုအမူတွေအားလုံးကို ပြောင်းလဲသင့်တဲ့အချိန်ဖြစ်ပြီး ရင့်ကျက်သင့်တဲ့အချိန်ကိုလည်း ရောက်လာပါပြီ။ ဒါကြောင့် အသက် ၂၅ ကျော်လာတဲ့အခါမှာ ပြောင်းလဲလိုက်သင့်တဲ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။

အလုပ်အကိုင်နဲ့ ငွေရေးကြေးရေးကိစ္စ

အသက် ၂၅ ကျော်လာပြီဆိုရင်တော့  အလုပ်စလုပ်ရမယ့်အရွယ်မဟုတ်တော့ပါဘူး။ ကိုယ်တိုင်လုပ်ငန်းတစ်ခုကို ထိုးဖောက်နိုင်တဲ့အရွယ်၊ နေရာကောင်းတစ်ခုကို တက်လှမ်းနိုင်တဲ့အရွယ် ဖြစ်နေပါပြီ။ ပိုက်ဆံကိုလည်း အရင်ကလို  ရှာရင်ရှာသလောက် သုံးနေတာမျိုးတွေ၊ လိုချင်တာမှန်သမျှ ရှေ့နောက်မကြည့်ပဲ ဝယ်တာမျိုးတွေကို ဆင်ခြင်ပြီး ပိုက်ဆံကိုရရင်ရသလို စုတတ်ဖို့လိုပါတယ်။

ပတ်ဝန်းကျင်

တစ်ယောက်ယောက်က ကိုယ့်အပေါ်မကောင်းတာပဲဖြစ်ဖြစ်၊ လိုက်တိုက်ခိုက်နေရင်ပဲဖြစ်ဖြစ် သည်းခံလိုက်ပါ။ အရင်လိုရန်ဖြစ်တာမျိုးတွေမလုပ်ပါနဲ့။ သူရိုင်းတိုင်းကိုယ်ပြန်မရိုင်းပဲ သည်းခံပေးလိုက်ပါ။ ပတ်ဝန်းကျင်နဲ့ လူတွေရဲ့အပြောကို လိုက်ဂရုမစိုက်ပါနဲ့။ ပတ်ဝန်းကျင်ဆိုတာကတော့ ဝေဖန်ပြောဆိုတတ်တယ်ဆိုတာကို သိထားဖို့လိုပါတယ်။ ဆယ်ကျော်သက်အရွယ်တုန်းကလို သူများပြောရင် လိုက်ဂရုစိုက်ပြီး ဝမ်းနည်းတာမျိုးတွေ၊ စိတ်တိုတာမျိုးတွေက အသက် ၂၅ ကျော်လာတဲ့အခါမှာ မဖြစ်သင့်တော့ပါဘူး။ ဒီလိုအရေးမပါတာတွေကအစ လိုက်ပြီးအာရုံစိုက်နေဖို့ အချိန်မပေးပါနဲ့။ ကိုယ်လုပ်စရာရှိတာကိုပဲ တစ်စိုက်မတ်မတ်နဲ့ ကြိုးစားလုပ်ဆောင်ပါ။

အချစ်ရေး

ကိုယ့်ကိုမချစ်တဲ့သူ၊ ကိုယ့်အပေါ်မကောင်းတဲ့သူတစ်ယောက်ကို အချိန်ကုန်ခံ၊ စိတ်ပင်ပန်းခံပြီးမချစ်ပါနဲ့။ ကိုယ်နဲ့မသင့်တော်တဲ့သူတစ်ယောက်၊ ရေစက်မပါတဲ့သူတစ်ယောက်လို့ သဘောထားပြီး လက်တွဲဖြုတ်နိုင်အောင်ကြိုးစားပါ။ ဘဝမှာ အချစ်တစ်ခုထဲက အရေးကြီးနေတာမဟုတ်ဘူးဆိုတာကို သင့်အနေနဲ့ နားလည်ထားဖို့လိုပါတယ်။ အချိန်တန်ရင် ကိုယ့်အတွက်ဖူးစာဆိုတာ ရောက်လာမှာပါ။

ဖက်ရှင်

အသက် ၂၅ နှစ်ကျော်လာတဲ့အခါမှာ အဝတ်အစားဒီဇိုင်းတွေကိုလည်း ပြောင်းလဲသင့်ပါတယ်။ ဆယ်ကျော်သက်အရွယ်တုန်းကလို ရှုပ်ရှုပ်ယှက်ယှက်တွေ၊ ကလေးဆန်တာတွေမဝတ်ပဲ အဆင့်အတန်းရှိရှိနဲ့ ကြည့်ကောင်းနေတာမျိုးတွေ၊ တည်ငြိမ်ပြီး သပ်သပ်ရပ်ရပ်ဖြစ်နေတာမျိုးတွေ၊ ဆွဲဆောင်ရှိပြီးကျက်သရေရှိနေတာမျိုးတွေကိုပဲ ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

Photo Source: www.pexels.com