ကိုယ့်ချစ်သူကောင်လေးက ကိုယ်နဲ့အတူရှိချိန်မှာ ကောင်မလေးတွေကို လိုက်ငမ်းနေပါသလား။

သင့်အနေနဲ့ကတော့ သင့်ချစ်သူကို ဗိုက်ခေါက်လိမ်ဆွဲချင်မှာ အသေအချာပါပဲ။

ဒါပေမယ့် ယောက်ျားလေးတွေက မိန်းကလေးတစ်ယောက်ကို မြင်ပြီဆိုတာနဲ့ ကြည့်တတ်ကြပါတယ်။ ခဏပဲ ကြည့်တာနဲ့ အကြာကြီး ကြည့်နေတာပဲ ကွာသွားတာပါ။

ဒါတွေက ဘာလို့ကြည့်လဲဆိုတော့ ကောင်မလေးကို ဆွဲဆောင်မှုရှိတယ်လို့ သူတို့ထင်မိလို့ပါ။ အတိုအပြတ်လေးနဲ့တွေ့လိုက်တော့လည်း ခေတ်မီလို့ မြန်မာဆန်ဆန်လေး တွေ့လိုက်တော့လည်း နန်းဆန်လို့နဲ့ အကြောင်းပြပြီး ကြည့်ကြပါတယ်။

အဲ့ဒီလို တွေ့လို့ကြည့်လိုက်မိတဲ့ အချိန်မှာ ဒိုပါမင်းနဲ့ ဆီရိုတိုနင်ဟော်မုန်းတွေက ဦးနှောက်က ထွက်လာပါတယ်။ ဒီဟော်မုန်းတွေက လူကို စိတ်ကြည်နူးမှု ပျော်ရွှင်မှု ပေးတတ်ပါတယ်။ ပြောရရင် ကောင်မလေးကို တွေ့တော့ ဦးနှောက်က ဟော်မုန်းထွက်လာတယ်။ ထွက်လာတော့ ကြည်နူးတယ်။ အဲ့ဒီတော့ ဆက်ကြည့်ဖြစ်တယ်။

ဒီထက်ပိုပြီး ကြာကြာ ကြည့်နေရင်တော့ စိတ်ထဲက သူ့ကို အနည်းငယ် ရယူချင်ပါတယ်။ စကားသွားပြောချင်တာ ရင်းနှီးချင်လာတာ စတာမျိုးတွေပါ။ ဒါပေမယ့် အခွင့်အရေး ယူလိုစိတ် မပါပါဘူး။ (တချို့ကလည်း ပါတတ်ပါတယ်။) မြင်ရင်ကြည့်တယ်။ ကြည့်ပြီးတော့လည်း ပြီးသွားတာပါပဲ။ ဒါဟာ ပုံမှန်အခြေအနေပါ။ တကယ်လို့များ သင့်ကောင်လေးက အဲ့လို လျှောက်ငမ်းနေပြီ ဆိုရင် ဒါလေးတွေကို သတိထားပါ။

သူက သင့်ကို မချစ်တော့တာ မဟုတ်ပါဘူး။

သူ့အကြည့်တစ်ချက်ကြောင့်နဲ့ သင်တို့ ဆက်ဆံရေးကို မပျက်စီးပါစေနဲ့။ သင့်ထက်လှလို့ ကြည့်တာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအလှကို သူခဏပဲ ခံစားတာပါ။ သူက သင့်အပေါ် သစ္စာမရှိဘူးလို့ တန်းမသတ်မှတ်လိုက်ပါနဲ့။ သင်တို့လည်း ကောင်လေးချောချောလေးမြင်ရင် ကြည့်တယ်ဆိုတာ ဝန်ခံလိုက်ပါ။

သူ့ကို မစွပ်စွဲပါနဲ့။ ခဏတဖြုတ် ကြည့်လိုက်မိတာနဲ့ လမ်းခွဲရတာနဲ့ မညီမျှပါဘူး။ သင် သည်းမခံနိုင်ဘူးဆို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ပါ။ ဒေါသစိတ်နဲ့ ရန်တွေ့ခြင်း မဖြစ်ပါစေနဲ့။ အပြုသဘောဆောင်တဲ့ ဆွေးနွေးတိုင်ပင်ခြင်းမျိုး လုပ်သင့်ပါတယ်။ သင့်ခံစားချက်ကို ဖွင့်ပြပါ။ သူကောင်မလေးတွေကို လိုက်ကြည့်ရင် ဘယ်လိုခံစားရကြောင်း ရင်ဖွင့်ပါ။ ယောက်ျားကောင်း တစ်ယောက်ဟာ သူချစ်ရတဲ့မိန်းကလေး စိတ်ညစ်အောင် မလုပ်ကြပါဘူး။ သင်မကြိုက်ရင် သူဆင်ခြင်ပါလိမ့်မယ်။