ဆောင်းရောက်ရင် အပူချိန်နဲ့ စိုထိုင်းဆကျဆင်းလာပြီး အသားခြောက်တတ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းရောက်ပြီဆိုရင် အသားခြောက်တာ ၊ ယားယံတာ ၊ အသားပတ်ပြီး အရေပြားတွေ ကွာကျတာမျိုး ဖြစ်တတ်ပါတယ်။

အတော်များများက အသားတွေခြောက်ပြီး အရေပြားတွေ ကွာကျလာမှ Skin Care ဖို့ သတိရတတ်ကြပါတယ်။ အဲ့ဒီအချိန်ဆို နောက်ကျနိုင်လို့ အခုကတည်းက ဆောင်းတွင်းအသားအရေ ထိန်းသိမ်းဖို့ နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်။

(၁) Sunscreen လိမ်းဖို့ မမေ့ပါနဲ့

ဆောင်းတွင်းမှာတောင် အန္တရာယ်ရှိတဲ့ UVA နဲ့ UVB ရောင်ခြည်တွေအန္တရာယ်ကို သတိထားဖို့ လိုပါတယ်။ အပြင်ထွက်တိုင်း SPF Sunscreen တစ်ခုခု လိမ်းပါ။ တကယ်လို့ နေလောင်ကာခရမ်ရဲ့ စေးကပ်မှုကို မကြိုက်ဘူးဆိုရင် အဆီမပါတဲ့ ရေအခြေခံ Sunscreen လိုးရှင်းတစ်မျိုးမျိုး သုံးပါ။ Sunscreen ပုံမှန်သုံးပြီး အသားအရေကို ကာကွယ်ထားမယ်ဆိုရင် အရေးအကြောင်းထင်တာ ၊ အသားအရေပျော့တွဲတွန့်ခေါက်တာ ၊ နေလောင်ကွက်ထတာတွေ မဖြစ်အောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

(၂) Face Scrub လုပ်ပါ

အများစုက Face Scrub ဆိုတဲ့ မျက်နှာချေးချွတ်တာမျိုး လုပ်ဖို့ စိတ်မဝင်စားတတ်ကြပါဘူး။ တကယ်တော့ ဆောင်းတွင်းမှာ Face Scrub လုပ်ပေးခြင်းအားဖြင့် ဆဲလ်သေတွေ ဖယ်ရှားပေးနိုင်ပြီး အသားအရေအစိုဓါတ် ထိန်းနိုင်မှာပါ။ အစိုဓါတ်ထိန်းနိုင်တဲ့အသားအရေဟာ ‌အသားပတ်တာ ၊ အသားခြောက်တာမျိုး မဖြစ်အောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့်လည်း Face Scrub ကို တစ်ပတ်နှစ်ကြိမ်ထက် ပိုမလုပ်ပေးဖို့ လိုပါတယ်။ မဟုတ်ရင် အစိုဓါတ်ထိန်းတဲ့ အရေးပါတဲ့ Skin Cells တွေပါ ပျက်စီးနိုင်လို့ ဖြစ်ပါတယ်။

(၃) Face Moisturizer သုံးပါ

ဆောင်းတွင်းမှာ လေထဲ စိုထိန်းဆကျဆင်းလာလို့ အသားအရေပေါ်က အစိုဓါတ်တွေပါ ခမ်းခြောက်လာနိုင်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ Moisturizer သုံးဖို့ ပြောနေကြတာ ဖြစ်ပါတယ်။ မျက်နှာလိမ်း အစိုထိန်းခရမ်ကောင်းကောင်းသုံးရင် လုံလောက်ပါတယ်။ Moisturizer တွေဟာ သင့်မျက်နှာပေါ်က အစိုဓါတ်မဆုံးရှုံးရအောင် တစ်နေ့လုံး ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

(၄) အိပ်ရာမဝင်ခင် Skincare လုပ်ပါ

သုတေသနတွေအရ အိပ်ရာမဝင်ခင် Skincare လိမ်းတာဟာ မျက်နှာကို နူးညံ့ချောမောစေပြီး ရေဓါတ်ပိုထိန်းနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အိပ်ခါနီးမှာ Face Cream တစ်ခုခု လိမ်းပြီး အိပ်ပါ။ အသက် ၃၀ ကျော် အမျိုးသားတွေအတွက် မျက်နှာအရေပြားတင်းရင်းစေအောင် ကူညီပေးဖို့ Face Serum တစ်ခုခု လိမ်းဖို့လည်း အကြံပြုလိုက်ရပါတယ်။