လုပ်ငန်းခွင်မှာ ဘယ်သူနဲ့မှအဆင်မပြေဘူး၊ သူများတွေနဲ့လည်း ရောရောနှောနှောမနေဘူး၊ တစ်ယောက်ထဲအေးဆေးနေတယ်၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ဖာသိဖာသာနေတယ်ဆိုတာမျိုးက မကောင်းပါဘူး။ လုပ်ငန်းခွင်မှာ ကောင်းမွန်တဲ့ မိတ်ဆွေအပေါင်းအဖော်ရှိခြင်းက သင့်အတွက် ဒီလိုကောင်းကျိုးတွေ ရရှိလာစေပါတယ်။

Stress တွေလျော့နည်းစေခြင်း

အလုပ်တိုင်းမှာတော့ stress ဆိုတာရှိတာပါပဲ။ ဒါပေမယ့် လုပ်ငန်းခွင်မှာသာ ခင်မင်ရင်းနှီးတဲ့ ကောင်းမွန်တဲ့ မိတ်ဆွေအပေါင်းအဖော်တွေ ရှိမယ်ဆိုရင် သူတို့နဲ့ စကားပြောလိုက်နဲ့ ပျော်ရွှင်ရတဲ့အတွက် အလုပ်နဲ့ပတ်သက်တဲ့ stress တွေကလည်း လျော့နည်းလာစေပါတယ်။ လုပ်ငန်းခွင်မှာ ဒီလိုခင်မင်ရင်းနှီးနဲ့ ဆက်ဆံရေးတွေသာမရှိရင် ပိုစိတ်ညစ်စရာကောင်းပြီး stress ပိုဖြစ်စေမှာပါ။

အလုပ်လုပ်ရတာပျော်စရာကောင်းလာခြင်း

လုပ်ငန်းခွင့်မှာ ကောင်းမွန်တဲ့ မိတ်ဆွေအပေါင်းအဖော်တွေရှိမယ်ဆိုရင် အလုပ်လုပ်လိုက် သူတို့နဲ့စကားပြောလိုက်၊ မုန့်စားလိုက်၊ အပြင်သွားလိုက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ပိုခင်မင်လာပြီး အလုပ်မှာလည်း ပျော်နေရမှာပါ။ အလုပ်ပြီးအလုပ်ဆိုတာချည်းပဲ မဖြစ်တော့ပဲနဲ့ ပိုပေါ့ပါးမှုရှိပြီး အလုပ်လုပ်ရတာလည်း ပျော်စရာကောင်းလာပါလိမ့်မယ်။

အကူအညီကောင်းတွေရစေခြင်း

မိတ်ဆွေအပေါင်းအသင်းပေါများခြင်းက သင့်အတွက် အကူအညီကောင်းတွေ၊ အခွင့်အလမ်းကောင်းတွေ ရရှိစေပါတယ်။ အကူအညီလိုတဲ့အခါ အကူအညီပေးမယ့်သူ ပေါများပြီး ဒီအလုပ်ကထွက်သွားရင်တောင်မှ ပိုကောင်းတဲ့အခွင့်အလမ်းတွေ သူတို့မိတ်ဆက်ပေးလို့ ရတာမျိုးတွေ ရှိလာနိုင်ပါတယ်။

တိုင်ပင်ဖော်တိုင်ပင်ဖက်တွေတိုးလာခြင်း

လုပ်ငန်းခွင်နဲ့ပတ်သက်တဲ့ စိတ်ညစ်စရာတွေ stress တွေကို တခြားသူကိုပြောပြလည်း အပြည့်အဝနားလည်မပေးနိုင်ပါဘူး။ ကိုယ့်ရဲ့လုပ်ငန်းခွင်ကသူ အချင်းချင်းဆိုရင်တော့ နားလည်ပေးနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်မှာသာ တကယ်ကောင်းမွန်တဲ့ မိတ်ဆွေတွေရှိနေမယ်ဆိုရင် သူတို့နဲ့တိုင်ပင်နိုင်ပြီး အားပေးမှုတွေ၊ အကြံဉာဏ်ကောင်းတွေလည်း ရရှိစေပါတယ်။

အထီးကျန်မှုတွေလျော့နည်းလာခြင်း

အလုပ်မှာ ဘယ်သူနဲ့မှမခင်ရင် တစ်ယောက်ထဲသီးသန့်ကြီးဖြစ်ပြီး ပျင်းရတာ၊ အထီးကျန်ရတာမျိုးတွေ ဖြစ်လာပြီး အလုပ်မသွားချင်ဘူး၊ အလုပ်သွားရတာ ပျော်စရာမကောင်းဘူးဆိုတာမျိုးတွေ ဖြစ်လာပါလိမ့်မယ်။ လုပ်ငန်းခွင်မှာလည်း ခင်မင်ရင်းနှီးရတဲ့ လုပ်ဖော်ကိုင်ဖက်တွေသာ ရှိနေရင်တော့ လုံးဝအထီးကျန်ရမှာ မဟုတ်ပါဘူး။