အသက် ၃၀ ကျော်လာရင် ဝိတ်အတက်မြန်ပြီး ကိုယ်ရည်စစ်အောင် ချရတာ ခက်လာတယ်ဆိုတာ လူတော်တော်များများ သိကြပါတယ်။ ဒါကြောင့်ပဲ တချို့သူတွေဟာ လူလတ်ပိုင်း မရောက်ခင် Body Fit ဖြစ်ပြီး ဗိုက်အဆီလေးတွေချ ၊ ဘော်ဒီကို ကျစ်လျစ်အောင် Gym ပြေးကြတာ ဖြစ်ပါတယ်။

Body Fitting ကျလာဖို့ အခုမှ စပြီး စီစဉ်နေတဲ့သူတွေအတွက် မဖြစ်မနေ သိသင့်တဲ့အချက် ၃ ချက်အကြောင်း ပြောပြချင်ပါတယ်။

(၁) ကိုယ်လက်လေ့ကျင့်ခန်းတွေ

ကိုယ်လုံးကိုယ်ပေါက် ထွက်လာဖို့ဆို အရင်ဆုံး အားကစားလုပ်တာကို အလေးထားလုပ်ပေးဖို့ လိုပါတယ်။ အားကစားစလုပ်မယ်ဆိုရင် အရင်ဆုံး Workout အကြီးကြီးတွေ လုပ်ဖို့ မစဉ်းစားပါနဲ့။

ပုံမှန်လေး လမ်းလျှောက်တာကနေ စကြည့်ပါ။ လမ်းလျှောက်ရုံနဲ့ မလုံလောက်ဘူးဆိုပေမယ့် လျှော့တော့ မတွက်စေချင်ပါဘူး။ ပုံမှန်လမ်းလျှောက်သူတွေဟာ သက်လုံကောင်းပြီး Workout အကြမ်းစားတွေကို ကြာရှည်ပိုလုပ်နိုင်လို့ ဖြစ်ပါတယ်။

လမ်းမှန်မှန်လျှောက်ဖြစ်တော့ အားကစားအလေ့အကျင့်လည်း ရလာပြီး Gym ရုံမှာ ခပ်ကြမ်းကြမ်း ကစားနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အသင့်ဖြစ်ပြီးသား ဖြစ်စေမှာပါ။ တကယ်လို့ Gym ရုံ မသွားဖြစ်လည်း ပြဿနာမရှိပါဘူး။

Gym ပစ္စည်းတွေ မလိုဘဲ ကိုယ့်အိမ်ထဲမှာကို Bodyweight Workout ကစားလို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အချိန်လည်း ရမယ်ဆိုရင်တော့ Gym မှာ Trainer နဲ့ စနစ်တကျ ကစားတာ အကောင်းဆုံးလို့ ပြောချင်ပါတယ်။

(၂) အာဟာရ

Body Fit ဖြစ်ဖို့အတွက် အားကစားချည်း နင်းလုပ်နေလို့ မရပါဘူး။ အစားလည်း တွဲပေးဖို့ လိုပါတယ်။ Diet လို့ ပြောရင် တချို့က Keto Diet စားသလို တချို့လည်း အသားရှောင်တဲ့ Vegan Diet စားကြပါတယ်။

တချို့က ပေါင်မုန့်ရှောင် ၊ အသားလျှော့စား ၊ ရေခဲမုန့်လို အချိုတွေ လုံးဝဖြတ်ဖို့ အကြံပေးကြပါတယ်။ Body Coaching ဆရာတချို့ကတော့ အဆီကျသွားဖို့ ဟင်းသီးဟင်းရွက် များများစား ၊ ရေများများသောက်ဖို့ ညွန်းပါတယ်။

(၃) စိတ်ဓါတ်

ရုပ်ပိုင်းဆိုင်ရာ ပြုပြင်နေတဲ့အချိန်မှာ Diet နဲ့ Exercise အပြင် စိတ်နေစိတ်ထားကိုလည်း ပြင်ဆင်ထားတာ ကောင်းပါတယ်။ အလေ့အကျင့်မရှိသေးချိန်မှာတော့ အားကစားလုပ်တယ် ၊ ကိုယ်ရည်စစ်အောင် စားရတယ်ဆိုတာ စိတ်ဖိစီးစရာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။

ဒါကြောင့် Mindset ပိုင်းလည်း ဟန်ချက်ညီအောင် အိပ်ချိန်များများယူပြီး ညဘက် အိပ်ရေးဝအောင်အိပ် ၊ ဒိုင်ယာရီဖြစ်ဖြစ် ကဗျာဖြစ်ဖြစ် စာလေးဘာလေး ချရေး ၊ စိတ်စုစည်းမှု မြင့်မားဖို့ တရားလေးဘာလေးထိုင်ပါ။

အခုပြောခဲ့တဲ့ အချက် ၃ ချက်ကို ဟန်ချက်ညီညီ ပုံမှန် လုပ်ဆောင်သွားမယ်ဆိုရင် Body Fit ဖြစ်ဖို့ လွယ်ကူမှာ ဖြစ်ပါတယ်။