တစ်နေ့ထက်တစ်နေ့ စိတ်လှုပ်ရှားစရာတွေ နည်းလာပြီး ပျော်စရာတွေ မခံစားရတော့ဘူးဆိုရင် ဒါဟာ ကိုယ့်ကိုယ်ထဲမှာ မကောင်းတဲ့စွမ်းအင်တွေ ဝင်နေပြီဆိုတဲ့ သဘောပြနေတာပါပဲ။ တကယ်တော့ ဒါမျိုးက အဆန်းမဟုတ်ပါဘူး။ လူတိုင်းဟာ တစ်ချိန်မဟုတ်တစ်ချိန်တော့လည်း အကောင်းမြင်စိတ် ကုန်ပြီး တွေးတိုင်း မကောင်းတာတွေးမိတတ်တာပါပဲ။

ဒီလိုဖြစ်တိုင်းတော့လည်း အကောင်းမြင်စိတ်မရှိတော့ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမဲ့ အကောင်းမြင်စိတ်နည်းလာတဲ့သူတစ်ယောက် ဟုတ်မဟုတ် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ဖို့တော့ လိုမှာပါ။ အဲဒီအတွက် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) မကောင်းတဲ့အတွေးတွေဝင်နေမိတာမျိုး

Negative Energy ဝင်သူတွေမှာ ကြုံတွေ့ရတတ်တဲ့အချက်တစ်ချက်က မကောင်းမြင်တဲ့အတွေးတွေနဲ့ အဆိုးမြင်တဲ့ ကိုယ့်ကိုယ်ကိုယ်စကားပြောဆိုမှု Self-Talk တွေ လုပ်တတ်တာပဲ ဖြစ်ပါတယ်။

Self-Talk လို့ ခေါ်တဲ့ ကိုယ့်စိတ်ထဲမှာကိုယ် စကားပြန်ပြောနေမှုတွေဟာ ကိုယ့်ရဲ့လက်တွေ့ဘဝပေါ် လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ကိုယ့်အတွေးထဲက အသံတွေဟာ အဆိုးမြင်လာပြီး အတွေးဆိုးတွေက ကိုယ့်ကို ထိခိုက်နာကျင်စေပြီဆိုရင် သတိထားဖို့ ပြောချင်ပါတယ်။

(၂) အိပ်လို့မပျော်တော့တာ ၊ အိပ်ပဲအိပ်ချင်နေမိတာမျိုး

စိတ်ဒဏ်ရာရလာပြီဆိုရင် လူဟာ အိပ်ရာထဲပဲ ခွေနေချင်မိတာက ပုံမှန်တုံ့ပြန်မှုလိုပါပဲ။ တချို့သူတွေကတော့ အိပ်ရာထဲလှဲနေပေမယ့် နာရီပေါင်းများစွာကြာအောင် မျက်စိကြောင်နေတာမျိုး ဖြစ်တတ်သလို တချို့တွေကျတော့လည်း အိပ်ရာထဲက မထစတမ်း အိပ်နေမိတတ်ပါတယ်။

မထတမ်း အိပ်လို့လည်း စိတ်က အနားရမသွားတာက Negative Energy ရဲ့ သက်ရောက်မှုတစ်မျိုး ဖြစ်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်နေမိတတ်တာမျိုး

အဆိုးမြင်တဲ့သူတွေဟာ ကိုယ့်ချို့ယွင်းချက်တွေကိုဲပဲ ရွေးပြီး ရှာနေမိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး တရားခံလို စီရင်ချက်ချနေမိတတ်ပါတယ်။ အရင်က ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ ၊ အားနည်းချက်တွေနဲ့ ပြစ်ချက်တွေထဲကနေ ရုန်းမထွက်နိုင်ဘဲ တဝဲလည်လည် တွေးနေမိတတ်ပါတယ်။

အဆိုးဆုံးက ရုပ်ဝတ္ထုပိုင်ဆိုင်မှု ၊ အောင်မြင်မှု ၊ ပုဂ္ဂိုလ်ရေးဘဝနဲ့ တခြားအရာတွေကို အခြေခံပြီး တခြားသူတွေထက်ပဲ ကိုယ်က နိမ့်ကျနေသလို ထင်နေတတ်တာ ဖြစ်ပါတယ်။

(၄) ကိုယ့်ပြဿနာတွေအတွက် ပုံချစရာ လူရှာနေမိတာမျိုး

တကယ်လို့ သင်ဟာ ကိုယ်ကြုံနေရတဲ့ ပြဿနာတွေကို အပြစ်ပုံချဖို့အတွက် တခြားသူတစ်ယောက်ကို ရှာနေမိရင် ကိုယ်ဟာ အဆိုးမြင်တဲ့လူတစ်ယောက် ဖြစ်လာပြီလို့ ပြောနိုင်ပါတယ်။

အဆိုးမြင်ခြင်းရဲ့ လက္ခဏာတစ်ရပ်က ကိုယ့်ဘေးက အရာတွေ လူတွေအပြင် တစ်လောကလုံးမှာ ရှိတဲ့လူတွေကိုပါ အပြစ်တင်ချင်နေမိတာမျိုး။ သူတစ်ပါးပေါ် အပြစ်တွေ ပုံချပြီး ကိုယ့်ကိုယ်ကိုယ် အမှားတွေကနေ ရှောင်ပြေးချင်သူတွေဟာ ကိုယ်တိုင်က စိတ်ဓါတ်တွေညံ့ဖျင်းလာနေလို့ပဲ ဖြစ်ပါတယ်။

(၅) ဘာမှ စိတ်ဝင်စားစရာ မရှိတော့သလိုမျိုး

တစ်ခါတလေမှာ လောကကြီးက သင့်အတွက် စိတ်လှုပ်ရှားစရာမရှိတော့တဲ့ နေရာ ဖြစ်နေပြီလို့ ခံစားရတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တစ်နေရာတည်းမှာ ပိတ်မိနေသလိုမျိုး ဘာကမှ ကိုယ့်ကို ထပ်ပြီး ပျော်ရွှင်အောင် မလုပ်ပေးနိုင်တော့သလိုမျိုး ခံစားချက်ကို Negative စိတ်ဝင်နေသူတွေမှာ တွေ့ရစမြဲ ဖြစ်ပါတယ်။

ကိုယ်ပျော်ရွှင်ခဲ့ဖူးတဲ့ အရာတွေကိုတောင် မမှတ်မိလောက်အောင် စိတ်လေလွင့်နေပြီဆိုရင် ကိုယ်ဟာ သိပ်ကို အန္တရာယ်ကြီးတဲ့ အမှောင်ထဲ တိုးဝင်နေတယ်ဆိုတာ သတိပြုပါ။

အဲဒီလို အချက်ပြတွေ တွေ့ရပြီဆိုတာနဲ့ စိတ်ကို အကောင်းမြင်စိတ်နဲ့ နေနိုင်အောင် ပြင်ဆင်တာ ၊ မိတ်ဆွေတွေနဲ့ တိုင်ပင်ရင်ဖွင့်တာ ၊ ပြည့်ပြည့်ဝဝ အနားယူတာ ၊ စိတ်လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာနဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ဆွေးနွေးအကြံတောင်းတာမျိုး လုပ်သင့်ပြီ ဖြစ်ပါတယ်။