သူတပါးစိတ်ချမ်းသာဖို့ပဲ အမြဲတွေးပေးပြီး ကိုယ့်အတွက်ရယ်လို့ သိပ်မစဉ်းစားတတ်တဲ့သူတွေဟာ မကြာခဏဆိုသလို စိတ်ဓါတ်ကျတာမျိုး ဖြစ်တတ်ပါတယ်။
တပါးသူကို ပျော်စေချင်တဲ့သူဖြစ်လို့
သူတို့ဟာ တခြားသူတွေ နှစ်သက်ကြည်နူးစေဖို့ အမြဲလိုလို ကြိုးစားတတ်ကြပါတယ်။ သူတပါးအကျိုးအတွက် လုပ်ပေးရတာကို စိတ်ဝင်စားပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုကိုယ်ပျော်အောင်လုပ်ဖို့ မေ့နေတတ်ပါတယ်။
တခါတလေ ကိုယ်ကစေတနာနဲ့ လုပ်ပေးတာကို အသိအမှတ်ပြုမခံရချိန်မှာ စိတ်ဓါတ်ကျတတ်ပါတယ်။ ကိုယ်ကကောင်းလွန်းနေ အနစ်နာခံလွန်းနေတဲ့အခါ ကိုယ့်ရဲ့ အကြံဉာဏ်တွေ စိတ်ကူးတွေကို တခြားသူတွေက မလေးစားတော့ပါဘူး။
သူတပါးက သင့်ကို တန်ဖိုးသတ်မှတ်တာခံချင်လို့
ဥပမာ- စာကြိုးစားတာဟာ မိဘတွေစိတ်ချမ်းသာစေချင်လို့ဖြစ်ပြီး မိဘတွေ စိတ်ဆင်းရဲမှာစိုးလို့ သင်တကယ်စိတ်ပါတာကိုတောင် မေ့လျော့သွားတတ်ပါတယ်။
သား/သမီးလိမ္မာလို့ သတ်မှတ်ထားတာကို ခံချင်ကြပြီး ကိုယ့်ဆန္ဒကို အနောက်ဆုတ်ထားလိုက်ကြပါတယ်။ ဒါဟာ အကျင့်လိုဖြစ်နေပြီး သင်နေသားကျနေတယ်ထင်ရပေမယ့် သေချာပြန်စဉ်းစားပါ။
သင်ဟာဘယ်လိုလူဖြစ်တယ်ဆိုတာ သင့်ကိုယ်သင်သတ်မှတ်ရမှာပါ။ စိတ်ထားကောင်းတယ် မကောင်းဘူး။ စာတော်တယ်မတော်ဘူး။ သိတယ်မသိဘူးဆိုတာ သင်ကိုယ်တိုင်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ တခြားသူစိတ်ချမ်းသာဖို့ ကိုယ့်အိပ်မက် မျှော်လင့်ချက်တွေကို မစွန့်ပစ်ပါနဲ့။ သင်ဘယ်တော့မှ စိတ်ချမ်းသာရမှာမဟုတ်ပါဘူး။
တစုံတစ်ခု ပြန်ရဖို့ မျှော်လင့်ချက်မျိုး ထားလို့
သင်ပေးလိုက်တဲ့ စေတနာ၊ ကြင်နာမှုတွေအတွက် တစုံတယောက်ဆီက တစ်ခုခုပြန်ရဖို့ မျှော်လင့်ချက်မျိုး ထားတတ်တဲ့အခါ သင့်ကို စိတ်ဓါတ်ကျ နာကျင်စေမှာပါ။
“တကယ်တော့ သင့်ရဲ့ စိတ်ချမ်းသာမှုဆိုတာ တခြားသူဆီမှာမဟုတ်ပါဘူး။ တခြားသူက သင့်ကိုပျော်ရွှင်စေမှာမဟုတ်ပါဘူး။ သင်ကိုယ်တိုင်ကသာ သင့်ကိုယ်သင်ပျော်ရွှင်အောင်လုပ်နိုင်တဲ့သူဖြစ်ပါတယ်။”