နှုတ်ခမ်းနီမဆိုးထားဘဲ ပန်းနုရောင် နှုတ်ခမ်းလှလှလေး ပိုင်ဆိုင်ဖို့က မိန်းကလေးတိုင်းရဲ့ အိမ်မက်ပါပဲ။ ဒါကြောင့် နှုတ်ခမ်းကို ဂရုစိုက်ဖို့ တစ်နေ့ကို 15 မိနစ်လောက်အချိန်ပေးရုံနဲ့ သဘာဝပန်းရောင်နှုတ်ခမ်းကို ရစေမယ့် အိမ်တွင်းကုထုံးတချို့ကို ဝေမျှပေးချင်ပါတယ်။

သကြား ၁ ဇွန်းနဲ့ ပျားရည် ၁ ဇွန်း ကိုရောပြီး နှုတ်ခမ်းကို လိမ်းပေးပါ။ တစ်မိနစ်လောက် ညင်သာစွာ နှိပ်ပြီး Scrub ကို နှုတ်ခမ်းပေါ် မိနစ်အနည်းငယ်လောက် ထားပေးပါ။ ပြီးရင် ရိုးရိုးရေနဲ့ဆေးချလိုက်ပါ ။ တစ်ပတ်ကို နှစ်ကြိမ် (သို့) သုံးကြိမ်လောက် လုပ်ပေးပါ။

နှင်းဆီပွင့် ၅-၆ ပွင့်ကို နွားနို့ ခွက်ထဲ တစ်ညစိမ်ပေးပါ။ မနက်ကျ နွားနို့ထဲက ပန်းပွင့်တွေကို ညှစ်ပြီး ထောင်းလိုက်ပါ။ ပြီးမှ နှုတ်ခမ်းပေါ် လိမ်းပြီး ၁၅ မိနစ်လောက် ထားလိုက်ပါ။ နှင်းဆီပွင့်လေးတွေက နှုတ်ခမ်းကို နူးညံ့တဲ့အတွက် ဒီနည်းကို နေ့တိုင်းလုပ်လို့ရပါတယ်။

နနွင်း ၁/၂ ဇွန်းနဲ့ နွားနို့ ၁ ဇွန်းကို ပျစ်နေအောင် မွှေပြီးရင် နှုတ်ခမ်းပေါ် လိမ်းပြီး ၅ မိနစ်ခန့် ထားလိုက်ပါ။ ခြောက်သွားပြီဆိုရင် ညင်သာစွာပွတ်ပေးပါ။ ပြီးမှ နှုတ်ခမ်းကို ရေနွေးနွေးလေးနဲ့ ဆေးကြောပြီး ရေဓာတ်ဖြည့်ဖို့ Lip Balm လိမ်းပေးပါ။

နောက်ထပ်အရိုးဆုံးနည်းကတော့ Beetroot ကို လှီးပြီး နှုတ်ခမ်းကို ပွတ်ပေးတာပါ။ ဒါမှမဟုတ် Beetroot နဲ့ ပျားရည်ကိုရောပြီးလည်း လိမ်းလို့ရပါတယ်။

သံပုရာသီးနဲ့သကြားကို လိမ်းပေးရင်လည်း သဘာဝအတိုင်း ပန်းရောင်နှုတ်ခမ်းကို ရစေပါတယ်။ သံပုရာသီးတစ်ခြမ်းလှီးပြီး သကြားနည်းနည်း ဖြူးပေးပါ။ သံပုရာသီးကို နှုတ်ခမ်းပေါ် ၂-၃ မိနစ်ခန့် ပွတ်ပေးပါ။ ဒီနည်းကို သုံးရက် တစ်ခါလောက် လုပ်လို့ရပါတယ်။

ပူစီနံ ၅-၆ ရွက်ကို ကြိတ်ချေပြီး သံပုရာသီးတဝက်ကို ညှစ်ထည့်ပါ။ နှုတ်ခမ်းပေါ် လိမ်းရလွယ်အောင် ပျားရည်လေးနည်းနည်းရောပြီးမှ နှုတ်ခမ်းကို လိမ်းပေးပါ။