တခါတလေမှာ အန္တရာယ်ရှိတယ်ဆိုတာသိပေမယ့် ဓါတုပစ္စည်းတွေကို လွန်ဆန်နိုင်ခြင်းမရှိကြပါဘူး။ ဆံပင်အရောင်ဆိုးဖို့ Beauty Salon ကို မကြာခဏ သွားတတ်ကြတယ်မဟုတ်လား။ ဒီတော့ သဘာ၀ ပစ္စည်းတွေနဲ့ကော ဆံသားကို အရောင်ဆိုးလို့မရနိုင်ဘူးလား။ ရနိုင်ပါတယ်။

ဒီနေ့မှာ ဓါတုပစ္စည်းတွေမသုံးဘဲ ဆံသားကို သဘာဝနည်းလမ်းအတိုင်း အရောင်ဆိုးနိုင်မဲ့နည်းလမ်းကို မျှဝေပေးသွားမှာပါ။

အနီရောင်ပြေးတဲ့ ဆံသား (Reddish Hair)

နိုကိုဥ (သို့) မုန်လာဥနီ

ဆံသားကို အနီရောင်ပြေးတဲ့ဖက်ဆိုးချင်တဲ့သူတွေအတွက် နိုကို ဥ (သို့) မုန်လာဥနီက အကောင်းဆုံး နည်းလမ်းပါပဲ။

ပါဝင်ပစ္စည်း

  • နိုကိုဥ (သို့) မုန်လာဥနီ
  • အုန်းဆီ(အပျစ်)

ပြင်ဆင်ခြင်း

အုန်းဆီနဲ့ နိုကိုဥ (သို့) မုန်လာဥနီအရည်ကို ရောပေးပါ။ အဲဒီနောက် ခေါင်းပေါ်လိမ်းပေးပြီး ပလတ်စတစ်နဲ့ အုပ်ထားပေးပါ။ တစ်နာရီလောက်ထားပြီး ခေါင်းလျှော်ချပါ။

ရွှေအိုရောင် ဆံသား

ဆံသားကို ရွှေအိုရောင် (GOLDEN BLONDE ) ဆိုးချင်ရင်တော့

  • သံပယိုသီးအရည်
  • Chamomile (အဝါရောင်ဝတ်ဆံနဲ့ ပွင့်ချပ်ဖြူဖြူပွင့်တဲ့ တောပန်း) အခြောက် မှုန့် လက်ဖက်ရည်ဇွန်း ၈ ဇွန်း (Market Place (သို့) City Mart ဆိုင်တွေမှာ Chamomile tea အထုပ်တွေကို ဝယ်လို့ရနိုင်ပါတယ်)
  • ရေနွေး ၃၀၀ မီလီလီတာ

Chamomile ပန်းခြောက်ထဲကို ရေနွေးပူပူလောင်းထည့်ပြီး ၁၅ မိနစ်လောက်ထားပါ။ အဲဒီနောက် အအေးခံထားပြီး သံပုယိုသီးတစ်ခြမ်းကို အရည်ညစ်ပြီးထည့်ပါ။

အဲဒီအရည်ကို ဆံသားတွေပေါ်လိမ်းပေးပြီး ခြောက်တဲ့ထိ ခေါင်းဖီးပေးပါ။ နေရောင်ချည်အောက်မှာ အခြောက်ခံရင် ပိုကောင်းပါတယ်။ အဲဒီနောက် ခေါင်းလျှော်ချပါ။

အညိုရင့်ရင့် (Dark Brown) ဆံသားအတွက်

အညိုရောင်ရင့်ရင့် (Dark Brown) အရောင်လိုချင်တဲ့ သူတွေအတွက် သစ်ကြားသီးအခွံတစ်ချို့ကိုခွဲပြီး အိုးတစ်လုံးထဲထည့်ကာ မိနစ် ၃၀ လောက်ပြုတ်ထားပါ။ အဲဒီနောက် အအေးခံပြီး ဆံသားတွေပေါ်လိမ်းကာ မိနစ် ၂၀ ထောက်ထားပါ။

အဲဒီလို ဆံသားတွေပေါ် လိမ်းပေးရာမှာ ဦးရေပြားပေါ် မလိမ်းမိဖို့ သတိပြုရပါမယ်။