ဒီနေ့ခေတ်မှာ ကိုယ်ခန္ဓာလှဖို့ Gym ကစားတဲ့သူတွေလည်း ရှိသလို မျက်နှာ Skincare လုပ်သူတွေလည်း မမှားပါဘူး။ Skincare လုပ်တာ အပြစ်ဆိုစရာ မဟုတ်ပေမယ့် ဘယ်အရာမဆို လိုတာထက်ပိုရင် မကောင်းပါဘူး။ တစ်ချို့တွေလည်း မျက်နှာအလှပြင်လွန်းလို့ အခုပြောတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံလာတတ်ပါတယ်။
(၁) အရေပြား တင်းမာအက်ကွဲခြင်း
အသားအရေ ခြောက်သွေ့အက်ကွဲလာတယ် ဆိုတာ တစ်ခုခုတော့ မှားနေလို့ပါ။ ကိုယ်သုံးဖူးတဲ့ Skin Care ထဲမှာ pH ပါဝင်မှု ဟန်ချက်မညီဖြစ်စေတဲ့ အလှကုန်တွေပါလာလို့လည်း ဖြစ်နိုင်ပါတယ်။
မှန်ကန်တဲ့ pH ဟန်ချက်ညီမှုဟာ ဆဲလ်အသစ်တွေ ဖြစ်ထွန်းစေပြီး ကော်လာဂျင်အသစ်တွေ ဖြစ်စေနိုင်တာကြောင့် ကိုယ်သုံးတဲ့ Skin Care အချိန်အဆနဲ့ သုံးသင့်ပါတယ်။
(၂) မျက်နှာယောင်ကိုင်းခြင်း
ဒီပြဿနာက ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းတွေ အများကြီးပါပဲ။ အင်ဇိုင်းတွေနဲ့ မျက်နှာချေးချွတ်တဲ့ အက်စစ်ကြောင့်ဖြစ်နိုင်သလို ဘက်တီးရီးယားကူးစက်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ Moisturizer သုံးမှုများခြင်းကလည်း ဒီအခြေအနေကို ပိုဆိုးနိုင်ပါတယ်။
မျက်နှာယောင်လာရင် ဒီအလှကုန်တွေ သုံးတာ လျှော့သင့်ပါတယ်။ မိတ်ဖုလိုမျိုး အဖုအပိမ့်ထွက်လာခြင်းကလည်း အလားတူ ပြဿနာပဲ ဖြစ်ပါတယ်။
(၃) အမည်းကွက်များ ပေါ်လာခြင်း
အသားအရေအရောင်ပြောင်းခြင်းဆိုတာ ရောဂါကြောင့်လည်း ဖြစ်နိုင်သလို ကိုယ်သုံးနေတဲ့ Skin Care ထဲက ဓါတုပစ္စည်းတွေနဲ့ ဓါတ်မတည့်လို့လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့လူတွေဟာ Skin Care လုပ်ရင်းနဲ့ မျက်လုံး ၊ နှာခေါင်းနဲ့ မေးနားတစ်ဝိုက်မှာ အမည်းကွက်တွေ ပေါ်လာတာမျိုး ကြုံနိုင်ပါတယ်။ ဒါမျိုးဆိုရင် Skin Care လုပ်မှု လျှော့ပြီး လိုအပ်ရင် ဆေးခန်းပြသင့်ပါတယ်။
(၄) မျက်နှာအဆီအလွန်အကျွံပြန်ခြင်း
တစ်ချို့သူတွေဟာ အလှအပ ဂရုစိုက်ရဲ့သားနဲ့ မျက်နှာမှာ အဆီတဝင်းဝင်းနဲ့ ဖြစ်နေတယ်ဆိုရင် ဒါလည်း Skin Care လုပ်တာ လွန်လို့ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ ဒီပြဿနာမျိုးက ကိုယ့်ဘာသာ ကုလိုက်လို့ ပျောက်ကင်းသွားနိုင်သလို တစ်ခါတစ်လေမှာလည်း အလှအပရေးရာ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တွေ့ဖို့ လိုပါတယ်။
(၅) အရေပြားလောင်ခြင်း
နေလောင်ဒဏ် ခံရလို့ အသားအရေလောင်သွားတာမျိုး မြင်ဖူးမှာပါ။ နေလောင်ကာခရမ်လိမ်းတဲ့ သူတွေမှာ ဒါမျိုးကြုံလာပြီဆိုရင် ဒီခရမ်ထဲက ပါဝင်ပစ္စည်းကြောင့် ဖြစ်နိုင်ပါတယ်။ Sunscreen တွေထဲမှာ ပါတဲ့ တစ်ချို့ Chemical Filters တွေကို အများကြီးသုံးမိရင် အရေပြားပေါ်က ကာကွယ်ပေးထားတဲ့ အလွှာကို ပျက်စီးစေနိုင်ပါတယ်။