ကိုယ်ကတော့ သတင်းကောင်းတစ်ခုကို ကိုယ့်မိတ်ဆွေထံ ဝမ်းသာအားရနဲ့ ဝေမျှနေချိန်မှာ တစ်ဖက်လူက စိတ်မဝင်စားသယောင် လုပ်နေတာမျိုး (သို့) စိတ်ပါဝင်စားစွာနဲ့ နားထောင်ပြီးနောက် သင့်ကို ဝေဖန်ထိုးနှက်တာမျိုးတွေ ကြုံတွေ့ရဖူးပါလိမ့်မယ်။

ဒီလိုလက္ခဏာတွေဟာ သင့်ကို မနာလိုနေတဲ့သူတစ်ယောက်ရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ သင့်မှာ ကောင်းကွက်တွေ ဘယ်လောက်ပဲရှိနေပါစေ ထိုကောင်းကွက်များကို လျစ်လျူရှုထားပြီး သင့်ရဲ့ အားနည်းချက်များကိုသာ ထောက်ပြကာ သင့်ရဲ့စိတ်ဓာတ်ကို ရိုက်ချိုးနေတာပါ။

ဒီလိုမျိုး မနာလိုကာ ဝေဖန်ကဲ့ရဲ့ပြောဆိုနေတဲ့ သူတွေကို ရင်ဆိုင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းများကတော့ …

သူတို့ပြောသမျှကို ရင်ဘတ်ကြီးနဲ့ရင်းပြီး ခံစားမနေပါနဲ့

တကယ်တော့ သင့်ကို ဝေဖန်နေတဲ့သူတွေဟာ သူတို့ဘဝကို မကျေနပ်လို့ သင့်လိုမျိုး သူတို့ မအောင်မြင်လို့ လိုက်လံကာ ဝေဖန်နေတာဖြစ်ပါတယ်။ သူတို့ဝေဖန်ပြောဆိုသမျှတွေကို နှလုံးသားကြီးတစ်ခုလုံးနဲ့ ရင်းပြီး ခံစားနေမယ်ဆိုရင်တော့ သင်ပဲ နာကျင်ပြီး စိတ်ဓာတ်ကျရမှာပါ။

နောက်ကွယ်က ရည်ရွယ်ချက်ကို သိအောင် ပြုလုပ်ပါ

အချို့သူတွေကကျတော့ ကောင်းတဲ့အဓိပ္ပာယ်နဲ့ ပြောချင်ပေမယ့် သင့်ဘက်က စကားအထအနကောက်တာလွဲသွားတဲ့အခါ အဓိပ္ပာယ်က ဆန့်ကျင်ဘက်အဓိပ္ပာယ်ဖြစ်သွားတတ်ပါတယ်။

ဥပမာ သင်သည် ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေတဲ့ သင့်သူငယ်ချင်းကို သင်လည်း ကိုယ်ပိုင်စီးပွားရေး လုပ်တော့မှာဖြစ်ကြောင်း ပြောလိုက်တဲ့အခါ သင့်သူငယ်ချင်းကနေပြီး “မလုပ်ပါနဲ့ကွာ။ မင်းလုပ်လည်း အောင်မြင်မှာမဟုတ်ပါဘူး” ဆိုတဲ့ စကားမျိုး ပြောတဲ့အခါ သူ ဘာရည်ရွယ်ချက်နဲ့ ပြောသလဲဆိုတာ သိအောင် ပြုလုပ်ရပါမယ်။

ရိုးသားပွင့်လင်းတဲ့ အတွေးအမြင်တစ်ခုအဖြစ် လက်ခံလိုက်ပါ

သင့်ရဲ့ ပြိုင်ဘက်များထံတွင်သာ ရိုးသားပွင့်လင်းတဲ့ မှတ်ချက်များ ရနိုင်မှာဖြစ်ပါတယ်။ ထိုကဲ့သို့သော ဝေဖန်ချက်များကို သိရတဲ့အခါ သင့်အတွက် ပြင်ဆင်စရာရှိတာများ၊ အားနည်းချက်များကိုလည်း ပြန်လည်ပြင်ဆင်နိုင်ပြီး ကိုယ့်ရဲ့ တိုးတက်မှုအတွက် လှေကားထစ်သဖွယ် အသုံးပြုနိုင်ပါတယ်။

သင် လက်မခံနိုင်ဘူးဆိုရင်တော့ မမေးပါနဲ့

သူ့ဆီက အကြံဉာဏ်တောင်းတဲ့အချိန်မှာ ကိုယ့်ကို ဘယ်တော့မှ အကောင်းမပြောဘူး။ သူ့ရဲ့အကြံဉာဏ်များ၊ ဝေဖန်ချက်များ၊ မှတ်ချက်များကို လက်မခံနိုင်ဘူးဆိုရင်တော့ သူ့ကို အစကတည်းက မမေးတာအကောင်းဆုံးပါပဲ။

လျစ်လျူရှုထားပါ

သင့်ရဲ့ခွန်အားကို ဘာမဟုတ်တဲ့အရာတစ်ခုအတွက် အားအင်ကုန်ခမ်းစေမှာလား။ ရန်ကို ရန်ချင်း ပြန်လည်တုန့်နှင်းတဲ့အခါ သင်ပဲ စိတ်ပင်ပန်းရမှာပါ။ ဒါ့ကြောင့် ထိုကဲ့သို့သောလူတွေကို လျစ်လျူရှုခြင်းသည် သင့်အတွက် အကောင်းဆုံးဖြစ်ပြီး သူတို့အတွက် အထိအနာဆုံးပါပဲ။