ဆွဲဆောင်မှုရှိသူဆိုတာ ရုပ်ချောရုံနဲ့ ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ်ဟန်အမူအယာ လှုပ်ရှားပုံကလည်း စကားပြောပါတယ်။ လက်ပြင်ကုန်းသူတွေ ဟာ ရုပ်ချောရင်တောင် ဆွဲဆောင်နိုင်စွမ်းအားနည်းကြပါတယ်။
လက်ပြင်ကုန်းတာဟာ ကွန်ပျူတာ ၊ စမတ်ဖုန်း အသုံးများသူတွေမှာ အဖြစ်များတဲ့ ပြဿနာဖြစ်ပြီး ကျောရိုးမကြီး လေ့ကျင့်ခန်းတွေး လုပ်ပေးလိုက်ရင် လူပုံအချိုးအဆစ် Posture ပြန်မှန်သွားနိုင်ပါတယ်။
ဒီတစ်ခေါက်မှာ လက်ပြင်ကုန်းသူတွေအတွက် Posture အချိုးကျစေမယ့် အလွယ်ဆုံးလေ့ကျင့်ခန်းတချို့ ပြောပြပေးချင်ပါတယ်။
(၁) Plank
Posture မှန်ဖို့ အလွယ်ဆုံး မှာချင်တာက စားပွဲထိုင်ခုံမှာ အကြာကြီး တမေ့တမော ထိုင်မနေဘဲ တစ်နာရီတစ်ခါလောက် ထပြီး လမ်းလျှောက်တာ ၊ ရွရွပြေး Jogging လုပ်တာမျိုး လုပ်ဖို့ပါပဲ။ အကြံပေးချင်တဲ့ လေ့ကျင့်ခန်းတစ်ခုက Plank လို့ ခေါ်တဲ့ တံတောင်ထောက်လေ့ကျင့်ခန်း လုပ်ခြင်းပဲ ဖြစ်ပါတယ်။
ညီညာတဲ့ ကြမ်းပြင်ပေါ်မှာ တံတောင်ထောက် ၊ ခြေဖျားထောက်ထားပြီး ကျောကို ကြမ်းပြင်နဲ့ တဖြောင့်တည်းဖြစ်အောင် ထိန်းထားရတာပါ။ ကြာကြာလုပ်နိုင်ရင် ကောင်းပါတယ်။ အခုမှ စပြီး Plank ထောက်မယ်ဆို စက္ကန့် ၃၀ လောက် နဲ့စပြီး၂ မိနစ်အထိ ကြာအောင် ထောက်နိုင်ဖို့ ကြိုးစားပေးသင့်ပါတယ်။
(၂) Pull-Up
အရိုးအဆစ်တွေ ဖြောင့်ပြီး ခါးကိုင်းတာ ၊ လက်ပြင်ကုန်းတာတွေ သက်သာစေဖို့ နောက်ထပ် လေ့ကျင့်ခန်းကောင်းတစ်ခုက တန်းခို Pull-Up လုပ်ခြင်းပဲ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းလုပ်ဖို့အတွက် ဘာပစ္စည်းမှ မယ်မယ်ရရ မလိုပါဘူး။ တောင့်တင်းခိုင်ခံ့တဲ့ ဘားတန်းတစ်ခုခု ရှိရင် ဖြစ်ပါတယ်။ တချို့ပန်းခြံတွေမှာတောင် Exercise Bar တွေ ထားပေးကြပါတယ်။
(၃) Wall Angels
ဒီနည်းက အခုပြောတဲ့နည်းတွေထဲမှာ အလွယ်ဆုံးလို့ ပြောနိုင်ပါတယ်။ မျက်နှာပြင်ညီတဲ့ နံရံတစ်ခုကို မှီရပ်ပြီး လေ့ကျင့်ပေးရုံပါပဲ။ ခြေနည်းနည်း ခွဲထားပြီး လက်ကို နံရံနဲ့ကပ်ပြီး ၉၀ ဒီဂရီ ထောင်ထားရမှာပါ။ ပြီးရင် တံတောင်တွေကို အောက်ကို လျှောချရမှာပါ။
လက်တွေကိုတော့ လုံးဝမလှုပ်ရပါဘူး။ လက်မောင်းနဲ့ ခေါင်းရဲ့ပုံဟာ W ပုံစံ ဖြစ်နေတဲ့အထိ လျှောချရမှာ ဖြစ်ပြီး ကျော ၊ ခေါင်းနဲ့ လက်တွေဟာ နံရံနဲ့ ထိကပ်နေဖို့လည်း သတိပြုဖို့ လိုပါတယ်။
ပြီးရင်တံတောင်တွေကို အပေါ်တွန်းပြီး Y ပုံစံဖြစ်အောင် တင်ရမှာပါ။ လက်မောင်းနဲ့ ကိုယ်ဟာ Y ပုံစံလို ဖြစ်သွားရင် လက်ကို W ပုံစံလို ပြန်ဖြစ်အောင် လျှောချပါ။ ဒါမျိုး ၁၀ ကြိမ်လုပ်ပေးရုံပါပဲ။