များသောအားဖြင့် အောက်ပိုင်းလေ့ကျင့်ခန်းလို့ ပြောတဲ့ Leg Workout တွေလုပ်ဖို့ Dumbbells တို့ Barbells တို့လို ပစ္စည်းကိရိယာ များများစားစား မလိုပါဘူး။
ခြေထောက်အောက်ပိုင်းလေ့ကျင့်ခန်းဟာ ဘော်ဒီအချိုးကျစေပြီး အရိုးအဆစ် သန်မာစေသလို အဆီကျပြီး ကြွက်သားကျစ်လျစ်သန်စွမ်းမှုကို အထောက်အကူပြုပါတယ်။
ကိုယ့်အိမ်မှာ အားကစားပစ္စည်းမရှိဘဲ ခြေထောက်လေ့ကျင့်ခန်း လုပ်ချင်တယ်ဆိုရင် အခုပြောမယ့် လေ့ကျင့်ခန်းတွေ လုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
(၁) နောက်ပြန်ခြေကန် ၊ လက်မောင်းဆန့်
Kick Back & Arm Stretch လုပ်တဲ့ လေ့ကျင့်ခန်းလုပ်ရတာ လွယ်ပါတယ်။ ကြမ်းပြင်ပေါ်မှာ ခြေချဲရပ်ပြီး ဘယ်ခြေထောက်ကို နောက်ဘက်ကန် ၊ ဘယ်လက်ကို ဘေးလှည့်ဆန့်ရမှာပါ။ ပြီးရင် ညာဘက်ကိုလည်း ဒီအတိုင်း လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။
(၂) Squat ထိုင် ခြေဆန့်မြှောက်
မတ်တပ်ရပ်အနေအထားနဲ့ပဲ လုပ်ရမယ့် လေ့ကျင့်ခန်းပါ။ Squat ထိုင်နည်းနဲ့ လက်နှစ်ဖက်ဆုပ်ပြီး အရင်ထိုင်ပြီး မတ်တပ်ပြန်ရပ်ရင်း ဘယ်ခြေထောက်ကို ဆန့်ကာ ဘယ်လက်က ပေါင်ကို သွားထိရမှာ ဖြစ်ပါတယ်။ ပြီးရင် Squat ပြန်ထိုင် မတ်တပ်ဆန့် ညာခြေဘေးမြှောက် ညာလက်နဲ့ ပေါင်ထိရုံပါပဲ။
(၃) ခြေမြှောက်လက်ဆန့်
ဒီလေ့ကျင့်ခန်းကလည်း လွယ်လွယ်လေးပါပဲ။ မတ်တပ်ရပ်ပြီး ဘယ်ခြေကို ဘေးဆန့် မြှောက်/ချလုပ်ရမှာပါ။ ဒီလို လုပ်နေချိန်မှာ ဗိုက်ကို ဘယ်လက်က ထိန်း ၊ ညာလက်က တည့်တည့်ဆန့်ထားရမှာ ဖြစ်ပါတယ်။ အပေါ်က လေ့ကျင့်ခန်းတွေလိုပါပဲ။ ဘယ်ဘက် ပြီးရင် ညာဘက်ခြေထောင့်ကိုလည်း အလားတူ လုပ်ပေးရမှာ ဖြစ်ပါတယ်။
(၄) Squat
Squat ထိုင်တာကတော့ အလွယ်ဆုံးနဲ့ လူတိုင်းလိုလို လုပ်ဖူးလို့ ရင်းနှီးနေတဲ့ လေ့ကျင့်ခန်းမျိုးပါ။ ခြေကို ပခုံးအကျယ်ထက် နည်းနည်းပိုကျယ်ကျယ်ထားပြီး လက်ဖဝါးတွေဖြန့် ကိုယ်ဘေးကပ်အနေအထားကနေ Squat ထိုင် ပြန်ထ လုပ်ရမှာပါ။ ဟန်ချက်မှန်အောင် ကိုယ်ကိုယ် ထိန်းထားဖို့လည်း သတိပြုသင့်ပါတယ်။