စိတ်ဖိစီးမှုတွေဟာ သင့်ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ရုပ်ရောစိတ်ပါ ကျန်းမာရေးကိုထိ ခိုက်စေနိုင်သလို ဟော်မုန်းအပြောင်းအလဲတွေကနေတဆင့် အသားအရေ ဆိုင်ရာပြဿနာတွေလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။
ဒီတစ်ခေါက်မှာတော့ စိတ်ဖိစီးမှုများခြင်းက သင့်အသားအရေအပေါ် ဘယ်လိုမျိုး ဆိုးကျိုးသက်ရောက်မှုတွေရှိစေလဲဆိုတာ ပြောပြပေးသွားပါမယ်။
(၁) ဝက်ခြံထွက်စေတယ်
စိတ်ဖိစီးမှုများနေချိန်မှာ ဦးနှောက်ကနေ Corticotrophin-Releasing Hormone (CRH) လို့ခေါ်တဲ့ ဟော်မုန်းတစ်ခု ပိုထုတ်ပေးပါတယ်။ အဆိုပါဟော်မုန်းက အဆီဂလင်းတွေကနေ အဆီတွေပိုထုတ်ပေးပြီး မွေးညှင်းပေါက်တွေကို ပိတ်ဆို့စေတာကြောင့် ဝက်ခြံပေါက်စေတာဖြစ်ပါတယ်။
(၂) အသားခြောက်စေတယ်
Stratum Corneum လို့ခေါ်တဲ့ အရေပြားအပြင်ဘက်အလွှာမှာ ပရိုတိန်းနဲ့ရေဓာတ်များပါဝင်ပြီး ၎င်းကအဓိကအားဖြင့် အသားအရေစိုပြေမှုကို ထိန်းထားပေးတာ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုက Stratum Corneum ရဲ့အလုပ်လုပ်ပုံကို အကြီးအကျယ် အနှောက်ယှက်ဖြစ်စေကာ အရေပြားခြောက်သွေ့ ယားယံခြင်းတွေကို ဖြစ်ပေါ်စေနိုင်တာပဲ ဖြစ်ပါတယ်။
(၃) အဖုအပိမ့်တွေ ထွက်စေတယ်
စိတ်ဖိစီးမှုတွေဟာ ကိုယ်ခံအားစနစ်ကို အားနည်းသွားစေနိုင်ပြီး အူလမ်းကြောင်းနဲ့ အရေပြားအတွင်း ဘက်တီးရီးယားမညီမျှမှုကို ဖြစ်စေနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ မကောင်းတဲ့ ဘတ်တီးရီးယားတွေ ပိုမိုများပြားလာတဲ့အခါ အရေပြား နီမြန်းရောင်ရမ်းခြင်း သို့မဟုတ် အဖုအပိန့်တွေ ထွက်လာစေမှာပဲ ဖြစ်ပါတယ်။
(၄) အရေးအကြောင်းတွေ ဖြစ်စေတယ်
အိုမင်းရင့်ရော်ခြင်းရဲ့အစ စိတ်ဖိစီးမှုကလို့ ဆိုနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ အရေပြား ကျုံ့နိုင်ဆန့်နိုင်စွမ်းလို့ခေါ်တဲ့ elasticity ဆုံးရှုံးမှုကို ဖြစ်စေပြီး ထိုမှတဆင့် မျက်နှာအရေပြားပေါ်မှာ အရေအကြောင်းများ ဖြစ်လာစေတာပဲ ဖြစ်ပါတယ်။
(၅) ဆံသားကျန်းမာရေးကို ပျက်စီးစေတယ်
စိတ်ဖိစီးတွေမှုဟာ အသားအရေကိုပျက်စီးစေတဲ့အပြင် ဆံသားကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ကြောင်း သုတေသနပြုချက်တွေအရ သိရပါတယ်။ စိတ်ဖိစီးမှုများသူတွေဟာ သာမာန်လူတွေထက်ကို ဆံပင်ကျွတ်တာ ၊ ဆံပင်ဖြူတာတွေ ဖြစ်နိုင်ခြေပိုများပါတယ်။ စိတ်ဖိစီးမှုတွေ များလာတာနဲ့အမျှ ဆံပင်ကျွတ်ခြင်း သို့ ဆံပင်ဖြူပေါက်ခြင်းများ ဖြစ်ပေါ်စေမှာဖြစ်ပါတယ်။