လူပြောသူပြောနဲ့ မှားနေကြတဲ့ အယူအဆအမှားတွေထဲမှာ ချစ်မှုရေးရာ အယူအဆအမှားတွေလည်း အများကြီးရှိပါတယ်။ ဒီလို မှားယွင်းစွာ နားလည်နေကြတဲ့ အရာတွေက Relationship တစ်ခုကို မရည်ရွယ်ဘဲ ဖျက်ဆီးပစ်နိုင်လို့ ‌ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ အောက်မှာ အများအမှတ်မှားနေကြတဲ့ Relationship အမြင်တချို့အကြောင်း ပြောပြထားပါတယ်။

(၁) Ex အကြောင်း မပြောနဲ့

လက်ရှိရည်းစားကို အရင်တွဲခဲ့တဲ့သူအကြောင်း မပြောနဲ့ဆိုပြီး လူတွေက ထင်နေကြပါတယ်။ တကယ်တမ်း ပွင့်လင်းရိုးသားတဲ့ Relationship တစ်ခုမှာ သိသင့်တာတွေ ပေးသိရမယ့် ဝတ္တရားရှိပါတယ်။

Ex အကြောင်းကို ပြန်ပြောရာမှာ အဲ့ဒီတုန်းက အနေအထားကို ပြန်တမ်းတတာမျိုးထက် ဒီလိုမျိုးတော့ ဖြစ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်လောက်ကို ဓမ္မဓိဌာန်ကျကျ ပြောဖို့တော့ လိုပါတယ်။ ဒါကလည်း တစ်ဖက်က မမေးဘဲနဲ့ ပြောစရာတော့လည်း မဟုတ်ပါဘူး။

(၂) ပျော်ရွှင်ရတဲ့စုံတွဲတွေ ရန်မဖြစ်ကြဘူး

ဒီအချက်လည်း မမှန်ပါဘူး။ ပြဿနာမတက်ခဲ့ဘဲ စင်းလုံးချော အဆင်ပြေတဲ့ စုံတွဲရယ်လို့ မရှိပါဘူး။ ပြဿနာတွေ ၊ သဘောထားကွဲလွဲမှုတွေအကြားမှာပဲ မျှော်လင့်ချက်တွေ ၊ အပြန်အလှန်ယုံကြည်လေးစားမှုတွေ ၊ ချစ်ခြင်းမေတ္တာနဲ့ စာနာနားလည်မှုတွေ တည်ဆောက်ပဲအဆင်ပြေတဲ့ အချစ်ရေးတစ်ခုကို ပုံဖော်သွားကြတာပါ။

ပြဿနာသိပ်မရှိဘဲ ပြေပြေလည်လည် ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေကြတဲ့ စုံတွဲတွေက အားကျစရာပါ။ ဘယ်လို ပြဿနာပဲကြုံကြုံ နှစ်ယောက်အတူ မျှချက်ယူပြီး ဖြေရှင်းရင်း ချစ်ခြင်းကြိုး တင်းတဲ့အတွဲတွေက ဂုဏ်ယူဖို့ ကောင်းပါတယ်။

(၃) အချစ်ဆိုတာ ကိုယ့်လက်တွဲဖော်လိုချင်တာ သိတာ

သူလိုရာ ဖြည့်ဆည်းပေးတာ အချစ်မဟုတ်ပါဘူး။ ဒါဟာ တပ်မက်မှုသက်သက်ပါပဲ။ တပ်မက်မှုဆိုတာ ချစ်ခြင်းမေတ္တာလို လေးနက်မှုမရှိပါဘူး။ တပ်မက်မှုမှာ အရွယ်၊ ရုပ်ရည်နဲ့ လိုအင်တွေပေါ်လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ တကယ့်အချစ်ဆိုတာ အနာပါတဲ့ ကျောက်ကလေးတွေလိုပါပဲ။ မပြည့်စုံမှုနဲ့ လှပါတယ်။

တစ်ခါတလေမှာ သူ့အတွေးကို ကိုယ်မသိသလို သူ့လိုအင်လည်း ကိုယ်မဖြည့်ဆည်းနိုင်တာတွေ ရှိပါမယ်။ ဒါပေမယ့် ကိုယ့်ချစ်သူကို နားလည်အောင် ကြိုးစားရင်း အပြန်အလှန်ယုံကြည်မှုပါတဲ့ ချစ်ခြင်းတစ်ခု တည်ဆောက်နေတာကပဲ ချစ်ခြင်းရဲ့ မျက်နှာစာတစ်ခုလို့ ဆိုနိုင်ပါတယ်။

(၄) လူတွေက မပြောင်းလဲဘူး

ပြောင်းလဲခြင်းသာ မပြောင်းလဲတဲ့ အမှန်တရားပါ။ မပြောင်းလဲဘဲ ချစ်တယ်/တစ်ယောက်ဆိုတစ်ယောက် ဆိုတာတွေက ကြားလို့ကောင်းပေမယ့် ယုံရခက်ပါတယ်။ အလှဆုံးအချိန်မှာ စွန့်ခွာသွားရင်တော့ အဲ့ဒီတစ်ယောက်ဆိုတစ်ယောက် သစ္စာက မှန်ကောင်းမှန်နိုင်ပါတယ်။ ချစ်ပါတယ်ဆိုပေမယ့် လောကဓံလေနီကြမ်းတွေ ထန်လာလို့ တစ်ယောက်ကိုတစ်ယောက် လက်တွဲဖြုတ်ရပြီဆိုရင် လူတွေက ပြောင်းလဲတတ်ပါကလားလို့ တွေးမိမှာ အမှန်ပါပဲ။