ဂျက်ကီချန်းဟာ ကိုယ်ခံပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ရုံသာမက ဟောလိဝုဒ်ရဲ့ ကမ်းလှမ်းခြင်းခံရတဲ့ အာရှကမ္ဘာကျော် သရုပ်ဆောင်တစ်ဦးလည်း ဖြစ်သလို ပရဟိတလုပ်ငန်းတွေရဲ့ ဦးဆောင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဂျက်ကီချန်းလိုမျိုး အဖက်ဖက်က အောင်မြင်တဲ့ဘဝတစ်ခုကို လျောက်လှမ်းနိုင်စေဖို့ ပိတ်ကားနောက်ကွယ်က ဂျက်ကီချန်းရဲ့ အတုယူလိုက်နာဖွယ် ဘဝသင်ခန်းစာများကို ဖော်ပြပေးလိုက်ရပါတယ်။

(၁) မီးကုန်ယမ်းကုန် အလုပ်ကြိုးစားပါ

ဂျက်ကီချန်း ဆိုပြီး ဖြစ်လာဖို့ ငယ်စဥ်ကတည်းက အများသူငှာ အိပ်နေချိန်မှာတောင် အစွမ်းကုန်လေ့ကျင့်ခဲ့ရပါတယ်။ အသက် ၇ နှစ်မှာ ကိုယ်ခံပညာကို စတင်သင်ယူခဲ့ပြီး အသက် ၂ဝ ကျော်ထိ ရုပ်ရှင်အချို့မှာ ပါဝင်ခဲ့ပေမယ့် အောင်မြင်မှုနဲ့ အလှမ်းဝေးနေခဲ့ပါသေးတယ်။

သို့ပေမဲ့ ဇွဲမလျော့ပဲ အဆက်မပြတ်ကြိုးစားခဲ့တာကြောင့် နောက်ဆုံးမှာတော့ သူ့ရဲ့ပင်ကိုပုံစံဖြစ်တဲ့ အက်ရှင်ဟာသဇာတ်ရုပ်နဲ့ ဟောလိဝုဒ်ထိ ကျော်ကြားလာခဲ့ပါတော့တယ်။ ဒါကြောင့် အခက်ခဲတွေ ဘယ်လိုကြုံပါစေ ဆက်လက်ကြိုးစားနေမယ်ဆို အောင်မြင်မှုက သင့်အတွက်ပဲဖြစ်နေမှာပါ။

(၂) သူများနဲ့တူဖို့ မကြိုးစားပါနဲ့

ဂျက်ကီချန်းဟာ မအောင်မြင်ခင်အချိန်မှာ ဘရု့စ်လီရဲ့ အက်ရှင်လူစားထိုး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်။ ဘရု့စ်လီခေတ်မှာ အခြားသူများကလဲ ဘရု့စ်လီလိုဖြစ်ဖို့ ကြိုးစားခဲ့ကြပေမယ့် ထင်သလောက်အလုပ်မဖြစ်ခဲ့ပါဘူး။

ဂျက်ကီချန်းကတော့ ဒုတိယဘရု့စ်လီဖြစ်ဖို့ထက် ဂျက်ကီချန်းဖြစ်ဖို့ပဲ ကြိုးစားခဲ့ပါတယ်။ သူရဲ့ မူပိုင်ဖြစ်တဲ့ ဟာသနှောထားတဲ့ အက်ရှင်ဇာတ်ရုပ်ကြောင့်ပဲ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ အသည်းနှလုံးကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် သူများနဲ့မတူကွဲပြားတဲ့ ပင်ကိုကိုယ်ရည်ကိုယ်သွေးနဲ့သာ အမြင့်ဆုံးထိပျံသန်းလိုက်ပါ။

(၃) အောင်မြင်မှုဆိုတာ ကိုယ်တစ်ယောက်တည်း တော်လို့မရပါ

လူမှုဝန်းကျင်ဟာ ကိုင်းကျွန်းမှီ၊ကျွန်းကိုင်းမှီဆိုသလိုပဲ တစ်ဦးပေါ်တစ်ဦး အမှီသဟဲပြုရှင်သန်နေကြရပါတယ်။ ဒါကိုကောင်းကောင်းသိနားလည်တဲ့ ဂျက်ကီချန်းဟာ သူ့ရဲ့အက်ရှင်အဖွဲ့ကို နှစ်ပေါင်း၄ဝကြာ လက်တွဲမဖြုတ်ပဲ ညီအကိုရင်းချာပမာ မိသားစုသဖွယ် အားပေးကူညီခဲ့ပါတယ်။

အောင်မြင်မှုနောက်မှာမျောပါမနေပဲ အတူတူရုန်းကန်လာခဲ့ကြတဲ့ အဖွဲ့သားတွေအပေါ် ခွဲခြားဆက်ဆံခြင်းမရှိပဲ ရတဲ့အကျိုးအမြတ်ဟူသမျှကို မျှဝေတတ်တဲ့နှလုံးသားကြောင့်လဲ ဂျက်ကီချန်းရဲ့အောင်မြင်မှုတွေဟာ ခုချိန်ထိရှင်သန်တိုးပွါးနေတုန်းပါပဲ။

(၄) သင်ယူလေ့လာမှုတွေဆိုတာပြီးဆုံးခြင်းမရှိပါ

၁၉၈ဝ ဝန်းကျင်မှာ ပထမဆုံးကယ်လီဖိုးနီးယားကို ရောက်ရှိခဲ့ပြီး အင်္ဂလိပ်လို လုံးဝမပြောတတ်ခဲ့ပါဘူး။ သူ့ရဲ့ ကုမ္ပဏီက US ကိုစေလွှတ်လိုက်ချိန်ကစပြီး ဂျက်ကီချန်းဟာ အင်္ဂလိပ်ဆရာလေးယောက်နဲ့တစ်နေ့ကို ၉ နာရီထိကို လေ့လာသင်ယူခဲ့ရပါတယ်။

ဒါ့အပြင်ဂျက်ကီချန်းဟာ အင်္ဂလိပ်သီချင်း၊ ရုပ်ရှင်၊ စီးရီးတွဲများကို စဥ်ဆက်မပြတ်ကြည့်ရှူသင်ယူခဲ့တာကြောင့် ဟောလိဝုဒ်ကားတွေမှာ အခက်အခဲမရှိသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဂျက်ကီချန်းဟာခုချိန်ထိလဲ ဇာတ်ရုပ်အသစ်သစ်တွေကို သရုပ်ဆောင်ဖို့ စိတ်အားထက်သန်ပြီး လေ့လာသင်ယူမှုတွေ လုပ်ဆောင်နေဆဲဖြစ်လို့ အောင်မြင်မှုအသီးပွင့်တွေ ခံစားနေရဆဲပါပဲ။

(၅) ငယ်ရွယ်စဥ်မှာ စွန့်စားမှုတွေလုပ်ဖို့ ဝန်မလေးပါနဲ့

ဂျက်ကီချန်းဆိုတဲ့နာမည် ဟောလိဝုဒ်အထိရောက်လာတာဟာ လွယ်လွယ်လေးမဟုတ်ခဲ့ပါဘူး။ ဂျက်ကီဟာတော်ရုံလူမလုပ်နိုင်တဲ့ အသက်နဲ့ရင်းပြီးလုပ်ရတဲ့ အက်ရှင်ဇာတ်ကွက်တွေကို လုပ်ဆောင်ခဲ့ပါတယ်။ လူစားထိုးဆိုတာမရှိတဲ့ ဂျက်ကီဟာ တစ်ခုခုလွဲချော်သွားခဲ့ရင်လဲ မသေရုံတမယ် အရိုးတွေကျိုးပြီး ခွဲစိတ်မှုတွေလုပ်ခဲ့ရပေမဲ့ သူ့အနေနဲ့ ဒီအရာတွေကို နောင်တရခြင်းမရှိဘူးလို့ပြောပါတယ်။

ဒီလိုသူများနဲ့မတူတဲ့ စွမ်းဆောင်ရည်တွေကြောင့်ပဲ သာမန်ဂျက်ကီချန်းကနေ ကမ္ဘာကျော်ဂျက်ကီချန်းဖြစ်လာတယ်ဆိုရင်လဲ မမှားပါဘူး။ ဂျက်ကီချန်းလို အနာတရဖြစ်တဲ့ထိ စွန့်စားဖို့တော့ မတိုက်တွန်းလိုပါဘူး။ ဒါပေမဲ့ဘဝမှာအောင်မြင်ချင်ရင် ကိုယ့်အိပ်မက်ကိုရောက်ဖို့ ဦးတည်ချက်ထားပြီး စွန့်စားဖို့လိုလာရင်လဲ ဝန်မလေးပဲ ရဲရဲကြီးလျောက်လှမ်းဖို့တော့ တိုက်တွန်းလိုက်ပါတယ်။