စပ်စုတတ်၊ နှောက်ယှက်တတ်ပြီး၊ အမြဲတမ်းရန်ဖြစ်တတ်တဲ့ အိမ်နီးနားချင်းတွေကို တစ်ခါတစ်လေကျရင် ကျေးဇူးတင်ရမလိုပါပဲ။ ဘာလို့လဲဆိုတော့ သူတို့တွေရဲ့ ကျေးဇူးကြောင့် ကျွန်မတို့တွေဟာ အရင်ကထက်ပိုပြီး သည်းခံတတ်လာပါတယ်။

မနက်ခင်းဆိုလည်း အစောကြီးနိုးနေပြီ။ အလုပ်ပိတ်ရက်အိမ်မှာနေတဲ့ အချိန်မှာလည်း မပျင်းရတော့ဘူး။ ပြီးတော့ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အချိန်တွေမှာလည်း သူတို့အကြောင်း ပြောစရာတွေ အများကြီးရှိလာပြီလေ။ ဒါကြောင့် ကျေးဇူးတင်သင့်တာပါ။

ဒီနေ့တော့ အရမ်းအရမ်းကို စိတ်ညစ်စရာကောင်းတဲ့ အိမ်နီးနားချင်းတွေရဲ့ အပြုအမူလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။

အနံ့အသက်ဖြင့် နှိပ်စက်တတ်သော အိမ်နီးနားချင်း

တိုက်တစ်တိုက်လုံး အနံ့တွေလွှမ်းခြုံသွားအောင် ဟင်းတွေချက်တတ်တဲ့ အိမ်နီးနာချင်းမျိုးက လူတိုင်းနီးပါးမှာရှိကြပါတယ်။ တစ်ချို့တွေကြတော့ မစားရအညော်ခံ။ တစ်ချို့ကြတော့ အနံ့မခံနိုင်လောက်အောင် ဆိုးရွားလွန်းလှတယ်။

ပါတီဘုရင်

တစ်ချို့လူတွေက သူတို့ကြိုက်တဲ့ သီချင်းတွေကို တကမ္ဘာလုံးနဲ့များမျှပြီး နားထောင်ချင်နေလားမသိပါ ဘူး။ အသံကို ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား ချဲ့ပြီး ဖွင့်ထားတတ်ပါတယ်။ ဒီလိုအိမ်နီးနားချင်းမျိုးရှိနေပြီဆိုရင်တော့ အကောင်းဆုံးအကြံပေးချင်တာက သူဖွင့်တဲ့ သီချင်းတွေ နားထောင်တတ်အောင် ကြိုးစားထားဖို့ပါပဲ။

မကြာခဏ နှာချေတတ်သော အိမ်နီးနားချင်း

နှာခဏခဏ ချေတတ်တဲ့ အိမ်နီးနားချင်းမျိုးရှိခဲ့ရင်တော့ ကိုယ်နေတဲ့ တိုက်ခန်းနံရံက ထူနေမှအဆင်ပြေမှာပါ။ ဘာလို့လဲဆိုတော့ နှာချေတဲ့ အသံဟာ ဘေးအိမ်က ဖွင့်တဲ့ သီချင်းသံထက်တောင် ကျယ်လို့ပါပဲ။

တစ်ခါတစ်လေ အိပ်မောကျနေတဲ့ အချိန်ဆိုရင် လန့်တောင် နိုးပါတယ်။ ဒီလိုအိမ်နီးနားချင်းမျိုးက အများအားဖြင့် ကိုယ့်ရဲ့မြင်ကွင်းကနေ ပျောက်နေတတ်ပြီး မကြာမကြာ နှိပ်စက်တတ်တဲ့ လူမျိုးပါ။

တိရိစ္ဆာန် ချစ်တတ်သော အိမ်နီးနာချင်း

ဒီလိုအိမ်နီးနားချင်းမျိုးရှိနေရင်တော့ ခွေးဟောင်သံတွေ၊ ကြောင်အော်သံတွေ တခြား တိရိစ္ဆာန်တွေရဲ့အသံကို မကြားချင်အဆုံး နေ့တိုင်းကြားနေရမှာပါ။ ပြီးတော့ တိရိစ္ဆာန်လေးတွေရဲ့ မစင်နံ့ကိုလည်း ခံနိုင်အောင် ကြိုးစားထားပါ။

ကလေးများတဲ့ အိမ်နီးနားချင်း

ကလေးများတဲ့ အိမ်နီးနားချင်း တွေနဲ့နေရရင်တော့ ကံဆိုးတယ်လို့ပဲ မှတ်လိုက်ပါ။ သူတို့က မိမိတိုက်ခန်းရဲ့ အပေါ်ထပ်မှာ နေတယ်ဆိုရင်တော့ ဝဠ်ကြွေးပါတယ်လို့သာ သဘောထားလိုက်ပါ။

အလုပ်ပိတ်ရက် အေးအေးဆေးဆေး အိမ်မှာနားနေတဲ့အချိန်မှာ သူတို့လေးတွေက ကျောင်းလည်းပိတ်ထားတော့ မျောက်ရှုံးအောင် ဆော့ကြတော့မှာပါ။ တတ်ပြောလည်း ခဏပါပဲ။ ပြီးရင် တဒုံးဒုံး ပြေးလွှားဆော့ကစားတဲ့ အသံတွေ ပြန်ကြားရမှာပါပဲ

အတင်းပြောတတ်သော အိမ်နီးနားချင်း

သူတို့တွေက သတင်းဖြန့်တာ အင်တာနက်ထက်တောင် မြန်ပါသေးတယ်။ သူတို့တွေက တိုက်တစ်တိုက်လုံးမှာနေတဲ့ လူတွေရဲ့ သတင်းတွေ အကုန်နီးပါး သိကြတယ်။ ကိုယ့်အကြောင်းတွေကိုလည်း နည်းနည်းပဲသိရင်တောင် များများ အတင်းအဖျင်းပြောကြလေ့ရှိကြတယ်။

အားလပ်ရက်တွေမှာ အစောကြီးနိုးစေတတ်သော အိမ်နီးနားချင်း

သူတို့တွေရဲ့ တိုက်ခန်းက ဘယ်တော့အခါမှ ပြင်လို့မပြီးတော့ဘူး။ အမြဲတမ်း နံရံတွေကို ဖောက်လိုက်၊ သံရိုက်လိုက် လုပ်တတ်တဲ့ အိမ်နီးနားခြင်းမျိုးတွေပါ။ သူတို့တွေ ဘာလို့ အားလပ်ရက်မနက်အစောကြီး နံရံတွေ ဖောက်ဖို့ လိုတာလဲဆိုတာ တခြားအိမ်နီးနားချင်းတွေလည်း စိတ်ဝင်စားကြပါတယ်။

ဒီလိုနံရံတွေကို drill တွေနဲ့ဖောက်တတ်တဲ့ အိမ်နီးနားချင်း နှစ်မျိုးနှစ်စားရှိပါတယ်။ တစ်မျိုးက မရပ်မနား နာရီပေါင်းများစွာ drill တွေနဲ့နံရံကို ဖောက်တတ်ကြတယ်။ နောက်တစ်မျိုးကတော့ ရပ်လိုက်ပြန်စလိုက် ဆိုတဲ့ လူစားမျိုးပါ။ နှစ်မျိုးလုံးဟာ ဒေါသထွက်ဖို့ အလွန်ကောင်းပါတယ်။

Source: Bright Side