ဒီတစ်ခါမှာတော့ အမျိုးသမီးတစ်ယောက်မှာရှိထားသင့်တဲ့ ရင့်ကျက်တဲ့စိတ်ထားလေးတစ်ချို့ကို ပြောပြပေးချင်ပါတယ်နော်။ ကိုယ့်ခြေထောက်ပေါ်ကိုရပ်တည်ပြီး ဘယ်သူ့ကိုမှအားကိုးမနေတတ်တဲ့ မိန်းကလေးတစ်ယောက် ပြောရရင်တော့ ရင့်ကျက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ချင်တဲ့သူတွေအနေနဲ့ လေ့ကျင့်ထားသင့်တဲ့အရာတွေလည်းရှိနေပါသေးတယ်။
ကိုယ့်အနားမှာအဖော်တစ်ယောက်မှ မရှိလို့ဆိုပြီး အားငယ်သိမ်ငယ်နေစရာမလိုပဲ ဘဝကို သတ္တိရှိရှိရင်ဆိုင်နိုင်ဖို့ဆိုတာ တော်ရုံစိတ်ဓာတ်မျိုးနဲ့လည်း မရတာတော့ အသေချာပါပဲ။ အားငယ်တတ်လွန်းလို့ ကိုယ့်ကိုယ်ကို အားမရဖြစ်နေတဲ့ပျိုမေတို့လည်း တစ်ယောက်ထဲ ရပ်တည်နိုင်ဖို့ဆိုရင် ဒါတွေကိုကြိုးစားပြီး လုပ်ကြည့်သင့်ပါတယ်နော်။
တစ်ယောက်ထဲအချိန်တွေကို အသုံးချပါ
တစ်နေ့တာလုံးမှာရှိနေတဲ့ ၂၄ နာရီလုံးက သင့်ရဲ့ကိုယ်ပိုင်အချိန်တွေပါပဲ။ တစ်ယောက်ထဲဖြတ်သန်းတတ်တဲ့ အကျင့်မျိုးကို အလေ့အကျင့်ဖြစ်အောင် အရင်ကြိုးစားကြည့်သင့်ပါတယ်။ မုန့်သွားစားချင်နေတဲ့အချိန်မှာ သူငယ်ချင်းကိုလိုက်ခဲ့ဖို့ အဖော်ခေါ်တာမျိုး၊ တစ်ခုခုဝယ်စရာရှိနေရင် မသွားရဲတာမျိုးတွေလုပ်နေလို့မရပါဘူး။ တစ်ယောက်ထဲအချိန်ကုန်တတ်အောင် ကြိုးစားဖို့လိုပါပြီ။
ကိုယ့်အတွက်ပဲကိုယ်စဉ်းစားပါ
တစ်ခြားသူတစ်ယောက်ရဲ့ အကြံဉာဏ်တွေ၊ အကူအညီတွေကို တောင်းမနေပဲ ကိုယ့်ဘာသာကို စဉ်းစားဆုံးဖြတ်တတ်အောင် ကြိုးစားပါ။ လူတိုင်းက ကိုယ့်အတွက်ကိုယ်အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်မှ အောင်မြင်တဲ့ ဘဝမျိုးကို ပိုင်ဆိုင်ရနိုင်မှာလေ။ သူများကိုအားကိုးတတ်တဲ့သူတစ်ယောက် မဖြစ်ဖို့အတွက်ဆိုရင် သူများဆီကနေအကူအညီတွေ မတောင်းခံမိအောင်နေဖို့လည်းအရေးကြီးပါတယ်။
ကိုယ့်အပေါ်မကောင်းတဲ့သူတွေ
လောကကြီးမှာ ကိုယ့်အပေါ်မကောင်းနေတဲ့သူတွေနဲ့လည်း ကြုံတွေ့လာရနိုင်တယ်ဆိုတာကို သိထားဖို့တော့လိုပါတယ်။ ဒီလိုမျိုး မကောင်းတဲ့သူတွေနဲ့ တွေ့ကြုံလာရပြီဆိုရင်လည်း ဝမ်းနည်းစိတ်ပျက်တာမျိုးတွေ လုပ်မနေပဲ စိတ်ထဲကနေအပြီးရှင်းထုတ်လိုက်ဖို့ လိုပါလိမ့်မယ်နော်။
စကားတွေမရှုပ်ပါနဲ့
မိန်းကလေးတော်တော်များများက စကားတွေရှုပ်တတ်ကြပါတယ်။ အတင်းပြောတာမျိုးတွေက ကိုယ့်အတွက်လည်းအကျိုးမရှိသလို သူများကိုလည်းနစ်နာသွားစေနိုင်တာကြောင့် မလုပ်တာကအကောင်းဆုံးပါပဲ။ စကားဆိုတာမျိုးက ပြောပါများရင် အမှားဆိုတာ ပါသွားတတ်တာကြောင့် လိုတာထက်ပိုပြီးတော့ မပြောတတ်တဲ့အကျင့်မျိုးကို ထားဖို့လိုအပ်ပါတယ်။
ဒီအမူအကျင့်လေးတွေက မလိုအပ်ဘူးလို့ထင်ရလောက်ပေမယ့် အဆင့်အတန်းရှိပြီး ဘယ်သူကိုမှအားမကိုးပဲ ကိုယ့်ခြေထောက်ပေါ်ကိုရပ်ပြီး ဘဝကိုအထာကျကျဖြတ်သန်းချင်တဲ့သူတွေအတွက် တကယ်ကိုလိုအပ်တဲ့ အမူအကျင့်တွေပဲဖြစ်ပါတယ်နော်။