အများစုကတော့ ဆိုရှယ်မီဒီယာကို သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးအတွက် သုံးကြပါတယ်။ တကယ်တော့ ဆိုရှယ်မီဒီယာဆိုတာ ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေနဲ့စားသုံးသူတွေကြား မရှိမဖြစ်တဲ့အရေးပါတဲ့ ကြားခံတစ်ခုပါ။

ဖန်တီးမှုကောင်းရင်ကောင်းသလို စီးပွားရေးလုပ်ငန်းတစ်ခုလွယ်လွယ်ကူကူလုပ်နိုင်ပြီး ဆိုရှယ်မီဒီယာပေါ်ကနေ ဝင်ငွေလမ်းကြောင်းတစ်ခုဖန်တီးလို့ရနိုင်ပါတယ်။

ဒီတစ်ခေါက်ဆောင်းပါးလေးကနေပြောပြပေးမှာကတော့ ဆိုရှယ်မီဒီယာပေါ်ကတဆင့် အပိုဝင်ငွေရှာနိုင်မယ့် နည်းလမ်းလေးတွေအကြောင်းပါ။

(၁) ဖန်တီးမှု အနုပညာတွေ ရောင်းချပါ

သင်ဟာ ပန်းချီဆွဲရာမှာ ကျွမ်းကျင်မှုရှိလား။ အခုရေပန်းစားနေတဲ့ Doodle art တွေ ၊ Digital art တွေ ကောင်းကောင်းဆွဲတက်လား။ ဒါမှမဟုတ် Hand made ပစ္စည်းလေးတွေ လုပ်တက်လား။

ကိုယ်ဝါသနာပါတဲ့ ဖန်တီးမှုအနုပညာလက်ရာတွေကို ဆိုရှယ်မီဒီယာပေါ်မှာ ရောင်းချခြင်းဖြင့် အပိုဝင်ငွေလမ်းကြောင်းတစ်ခု ဖန်တီးလို့ ရနိုင်ပါတယ်။

(၂) YouTube ချန်နယ်ထောင်ပါ

YouTube ချန်နယ်တစ်ခုထောင်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဗီဒီယိုလေးတွေ တင်ဆက်ခြင်း အားဖြင့်လည်း အပိုဝင်ငွေ ရှာနိုင်ပါတယ်။  ကိုယ့်ရဲ့ချယ်နယ်မှာ ကြည့်ရှုသူများတာနဲ့အမျှ ကြော်ငြာဝင်ငွေတွေ ရလာမှာဖြစ်ပါတယ်။

ပျှမ်းမျှအားဖြင့် View ၁၀၀၀ ကို ၅ ဒေါ်လာ ဝန်းကျင်လောက်ရပါတယ်။ ဒါတင်မကသေးပါဘူး အပြင်စီးပွားရေးလုပ်ငန်းတွေရဲ့ ကြော်ငြာများထည့်ပေးခြင်းဖြင့်လည်း ကြော်ငြာခ ရနိုင်ပါတယ်။

(၃) အလွတ်တန်း အလုပ်တွေချိတ်ပါ

လူငယ်တွေ ကြားမှာတော့ Freelancer အလုပ်က အတော်လေးရေပန်းစားပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှုပေါ်မူတည်ပြီး ဆိုရှယ်မီဒီယာ ပေ့ချ်တွေကို ကိုယ်တွယ်ပေးခြင်း၊ အွန်လိုင်းကြော်ငြာစာတွေရေးသားခြင်း ၊ ရုပ်ရှင် သီချင်း ဆောင်းပါး စတာတွေကို ဘာသာပြန်ဆိုရေးသားခြင်း ၊ ဂရပ်ဖစ်ဒီဇိုင်နာ ၊ ဗီဒီယိုတည်းဖြတ်ခြင်း စတဲ့အလုပ်တွေမှာ Freelance အနေနဲ့ ဝင်ရောက်လုပ်ကိုင်ရင်း အပိုဝင်ငွေရှာနိုင်ပါတယ်။

(၄) အွန်လိုင်းစတိုးတစ်ခုဖွင့်ပါ

ဈေးအရောင်းအဝယ် စိတ်ဝင်စားသူတွေအနေနဲ့   Facebook Page ထောင်ပြီး အွန်လိုင်းစတိုးတစ်ခုအနေနဲ့ ပစ္စည်းလေးတွေ ရောင်းချခြင်းဖြင့်လည်း ဝင်ငွေရှာနိုင်ပါတယ်။ ပြည်တွင်းထုတ်ကုန်တွေသာမက ပြည်ပက အစားအသောက်နဲ့ လူသုံးကုန် ပစ္စည်းတွေကိုမှာယူပြီး ကိုယ့်ရဲ့အွန်လိုင်းစတိုးဆိုင်လေးမှာ ပြန်လည်ရောင်းချခြင်းဖြင့် ဝင်ငွေရှာလို့ ရပါတယ်။