ဆောင်းရာသီရောက်လာတာနဲ့အမျှ လူအများစုက တံတောင်ဆစ်များ ခြောက်သွေ့ကြမ်းတမ်းလာမှာကို အင်မတန်စိုးရိမ်လာကြရပါတယ်။ အဖြစ်များလေ့ရှိရုံသာမက စိတ်ညစ်စရာကောင်းစေနိုင်သော ပြဿနာတစ်ခုဆိုလည်းမမှားပါဘူး။ ခြောက်သွေ့မှုကအလွန်ပြင်းထန်လာပြီဆိုလျှင်တော့ ယားယံမှုကိုတောင်ဖြစ်လာစေနိုင်ပါတယ်။
မကြာခဏလက်အကွေးအဆန့်လုပ်ခြင်း၊ ရေထဲတွင်အချိန်အကြာကြီးနေခြင်း၊ ဓာတုပစ္စည်းအမြောက်အမြားပါဝင်သော အလုကုန်ပစ္စည်းများ အသုံးပြုခြင်း၊ ရေပူချိုးခြင်း၊ နေလောင်ခံရခြင်း စသည့် အခြေအနေများကြောင့် ဆိုးရွားလာသည့်တံတောင်ဆစ်ကို နဂိုမူလအတိုင်းပြန်လည်ချောမွေ့ညီညာမှုရှိအောင် လုပ်ဆောင်နိုင်စေရန် နည်းလမ်းလေးအချို့ကို ပြန်လည်ဝေမျှလိုက်ရပါတယ်။
၁။ ချေးချွတ်ခြင်း
ရေချိုးနေစဉ်အတွင်း အဝတ်ကြမ်းတစ်ထည်၊ သပွတ်၊ ချေးချွတ်လက်အိတ် သို့မဟုတ် ရေမြုပ်ကျောက်တို့ကို အသုံးပြုပြီး ကြမ်းတမ်းနေသောအသားအရေကို ပွတ်တိုက်ပေးနိုင်ပါတယ်။ ချွေးချွတ်ပြီးနောက်မှာ ရေအေးဖြင့်ဆေးကြောသန့်စင်ကာ ခြောက်အောင်သုတ်ပေးပြီးနောက် အစိုဓာတ်ထိန်းသိမ်းနိုင်ရန်အတွက် သံလွင်ဆီ သို့မဟုတ် လိုးရှင်းလူးပေးနိုင်ပါတယ်။
၂။ ရေနံဂျယ်လီ
အိပ်ရာသို့မဝင်ခင် တံတောင်ဆစ်ကို ရေနွေးနွေးဖြင့်သေချာသန့်စင်၍ ခြောက်အောင်သုတ်ပြီးသည့်နောက် ရေနံဂျယ်လီကိုထူထူလိမ်းပေးပါ။ ပြီးလျှင်ဆွဲဆန့်နိုင်သည့် လက်ပတ်ဖြင့်တံတောင်ဆစ်ကိုဖုံး၍ အိပ်ရာသို့ဝင်နိုင်ပါတယ်။ မနက်ရောက်သည့်အခါ ရေနွေးနွေးဖြင့်ဆေးကြောသန့်စင်ပေးနိုင်ပါတယ်။
၃။ အုန်းဆီ
အုန်းဆီအနည်းငယ်ကို မိုက်ခရိုဝေ့အတွင်းထဲထည့်ပြီး အတန်ငယ်အပူပေးပြီး တံတောင်ဆစ်အနှံ့ပွတ်ပေးပါ။ အသားထဲသို့စိမ့်ဝင်နိုင်ရန်အတွက် ဖြည်းဖြည်းချင်းနှိပ်နယ်ပေးပါ။ ရေချိုးပြီးနှင့် အိပ်ရာသို့မဝင်ခင်အချိန်များတွင် လုပ်ပေးနိုင်ပါတယ်။
၄။ သံလွင်ဆီနှင့်သကြားအညိုရောင်
လေးပုံပုံတစ်ပုံပမာဏ အညိုရောင်သကြားနှင့် သံလွင်ဆီတို့ကို ပျစ်သည်အထိရောမွှေ၍ တံတောင်ဆစ်ပေါ်တွင် အဝိုင်းသဏ္ဍာန်အတိုင်းဖြည်းညင်းစွာ ပွတ်ပေးပြီး ၁၀ မိနစ်ခန့်အကြာမှာ ကြက်သီးနွေးထရုံရေနွေးနွေးဖြင့် လောင်းချပေးနိုင်ပါတယ်။
၅။ ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်အနှစ်ကို တံတောင်ဆစ်တွင်လိမ်းပေး၍ မိနစ်နှစ်ဆယ်ခန့်ထားရှိပြီးနောက် ရေနွေးဖြင့်ဆေးချနိုင်ပါတယ်။ ရက်သတ္တပတ်အနည်းငယ်လောက် နေ့စဉ်ကို တစ်ကြိမ်မှနှစ်ကြိမ် မှန်မှန်လုပ်ပေးပါ။
၆။ ပျားရည်
သဘာဝပျားရည်စစ်စစ်ကို မိနစ်နှစ်ဆယ်မျှ တံတောင်ဆစ်အပေါ်ထားရှိ၍ ရေနွေးဖြင့်သန့်စင်ပေးနိုင်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းသော တံတောင်ဆစ်များကို မြန်မြန်ပျောက်ကင်းစေရန်အတွက် နေ့စဉ်နှစ်ကြိမ်လုပ်ဆောင်ပေးပါ။
၇။ အုတ်ဂျုံမှုန့်
အုတ်ဂျုံမှုန့်ကို ချိုးမည့်ရေနွေးနွေးထဲတွင် ရောစပ်ပြီး ခန္ဓာကိုယ်နှင့်တံတောင်ဆစ်ကို ၁၀ မိနစ်ကြာ စိမ်ပေးပါ။ ပြီးနောက် ခန္ဓာကိုယ်ကို သန့်ရှင်းသည့်ရေဖြင့် သန့်စင်ကာ တဘက်ဖြင့်ခြောက်အောင်သုတ်ပေးပြီး အသားအရေထိန်းခရင်ခမ်ကို လိမ်းပေးပါ။ တနေ့လျှင်တစ်ကြိမ် နေ့စဉ်မှန်မှန်လုပ်ပေးရမှာဖြစ်ပါတယ်။
၈။ ငှက်ပျောခွံ
ငှက်ပျောခွံ၏အတွင်းဖက်ကို ၁၀ မိနစ်မှ ၁၅ မိနစ်ခန့် အဝိုင်းပုံစံအတိုင်း တံတောင်ဆစ်တွင်ပွတ်တိုက်ပေးပြီး အသားထဲစိမ့်ဝင်သွားနိုင်ရန်အတွက် အနည်းဆုံး မိနစ် ၂၀ ခန့်ထားရှိပြီး ရေအေးဖြင့်ဆေးချနိုင်ပါတယ်။