မင်္ဂလာပါနော်။ မျက်နှာမှာ ဆားဝက်ခြံရှိလို့ စိတ်ညစ်နေရတဲ့သူတွေရှိလား။ အမဲရောင်အစက် သေးသေးလေးတွေနဲ့တူတဲ့ ဆားဝက်ခြံတွေက မျက်နှာနဲ့ ရင်ဘက်မှာ ဖြစ်တတ်ပြီး များသောအားဖြင့် နှာခေါင်းဘေးဘက်မှာအထွက်များပါတယ်။ ဆားဝက်ခြံတွေက လက်နဲ့ကိုင်တာ၊ ညှစ်မိတာမျိုးဆိုရင် ပိုးဝင်ပြီး ပိုဆိုးသွားတတ်တာမို့ လက်နဲ့မထိအောင်ထားတာအကာင်းဆုံးပါပဲ။ ဒီတစ်ခေါက်မှာတော့ ဆားဝက်ခြံ သက်သာဖို့ အကုန်အကျနည်းနည်းနဲ့ သဘာဝအတိုင်း လုပ်လို့ရတဲ့ ထိရောက်တဲ့နည်းလေးတွေကို ဖော်ပြပေးသွားမှာပါ။

နံ့သာမှုန့်နဲ့ အမှုန့်ကြိတ်ထားတဲ့ လိမ္မော်သီးခွံ


နံ့သာမှုန့်အနည်းငယ်ကို အမှုန့်ဖြစ်အောင်ကြိတ်ထားတဲ့ လိမ္မော်သီးအခွံနဲ့ ရောပြီး ဆားဝက်ခြံရှိတဲ့နေရာတွေမှာ ခပ်ဖွဖွပွတ်ကာ လိမ်းပေးပါနော်။ ၅ မိနစ်မှ ၁၀ မိနစ်ကြားထားပြီး ရေဆေးချနိုင်ပါတယ်။ နံ့သာမှုန့်က မျက်နှာမှာရှိတဲ့ မလိုအပ်တဲ့အဆီတွေကို ဖယ်ရှားပေးပြီး လိမ္မော်သီးခွံကတော့ ဗီတာမင်စီပါတာမို့ အမဲစက်တွေသက်သာပြီး အသားကြည်စေမှာပါ။

မုန့်ဖုတ်ဆိုဒါနဲ့ ရေ


မုန့်ဖုတ်ဆိုဒါအနည်းငယ်ကို ရေနဲ့ရောပြီး အနှစ်ရအောင်လုပ်ပေးပါ။ ရေစွတ်ထားတဲ့မျက်နှာပေါ် ခပ်ဖွဖွပွတ်လိမ်းပေးရပါမယ်။ ဆားဝက်ခြံရှိတဲ့နေရာတွေပေါ် အဓိကလိမ်းပေးပါ။ မိနစ်အနည်းငယ်ထားပြီး ရေနွေးနွေးနဲ့ ဆေးချနိုင်ပါတယ်။

သကြားနဲ့ သံပယိုရည်


သကြားတစ်ဇွန်းခန့်ကို သံပယိုရည်အနည်းငယ်နဲ့ရောပြီး ဆားဝက်ခြံတွေပေါ် အနည်းငယ်ပွတ်လိမ်းပေးပါ။ ငါးမိနစ်မှ ၁၀ မိနစ်ထိထားပြီး ရေနွေးနွေးနဲ့ ဆေးချနိုင်ပါတယ်။ သကြားက အသားအရေကို ချေးချွတ်သန့်စင်ပေးပြီး သံပယိုသီးက အသားကြည်စေတာမို့ မျက်နှာပေါ်က အမဲစက်နဲ့ ဆားဝက်ခြံတွေကွာကျဖို့ ကူညီပေးမှာပါ။ ဒီနည်းကို နှစ်ပတ်တစ်ကြိမ်ခန့်ပြုလုပ်နိုင်ပြီး အသားအရေ Sensitive ဖြစ်သူတွေကတော့ တည့်မတည့်စမ်းပြီးမှ သုံးသင့်ပါတယ်။

သင်္ဘောသီးအနှစ်၊ သံပယိုရည်နဲ့ ဆန်မှုန့်


ပါဝင်ပစ္စည်းသုံးမျိုးဖြစ်တဲ့ သင်္ဘောသီးအနှစ်၊ သံပယိုရည်နဲ့ ဆန်မှုန့်အနည်းငယ်ကို ဆတူရောပြီး အနှစ်ရအောင်မွှေပေးပါ။ မျက်နှာမှာလိမ်းပြီး ငါးမိနစ်ခန့်ထားကာ ရေနွေးနွေးလေးနဲ့ ဆေးချနိုင်ပါတယ်။ သင်္ဘောသီးရဲ့အာနိသင်က မလိုအပ်တဲ့ ဆဲလ်သေတွေကိုဖယ်ရှားပေးတာမို့ မျက်နှာသန့်စင်ပြီး ဆားဝက်ခြံတွေသက်သာစေမှာပါ။

ပျားရည်နဲ့ Cinnamon


ပျားရည်တစ်ဇွန်းနဲ့ Cinnamon ပေါင်ဒါအနည်းငယ်ကို ရောပြီး သမအောင်မွှေပေးပါ။ မျက်နှာမှာ Scrub ပုံစံလိမ်းကာ ၁၀ မိနစ်လောက်ထားနိုင်ပါတယ်။ ပျားရည်က အစိုဓာတ်ပေးပြီး အရေပြားသွေးစီးဆင်းမှု ကောင်းစေတာမို့ ဝက်ခြံနဲ့ပတ်သက်တဲ့ပြဿနာတွေလျှော့ချပြီးသား ဖြစ်စေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar