မင်္ဂလာပါ ပျိုမေတို့ရေ။ ကိုယ်တိုင်အိမ်မှာ ဆံပင်ဆိုးပြီး Highlight လေးဖောက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ အခုနောက်ပိုင်းမှာ ဆံပင်ကို အကုန်အကျသိပ်မများဘဲ လွယ်လွယ်ကူကူ ဆိုးလို့ရတဲ့ တစ်ခါသုံး ဆိုးဆေးတွေ ခေတ်စားလာတာမို့ ကိုယ့်စိတ်ကြိုက်ဆိုးရတာကြိုက်သူတွေ၊ စမ်းဆိုးကြည့်ချင်သူတွေလည်း များလာပါပြီနော်။ များသောအားဖြင့် ဆံပင်ကိုမှ တစ်ခေါင်းလုံး မဆိုးချင်တဲ့သူတွေက ဆိုင်မှာ တကူးတကဆိုးရတာထက် ကိုယ်တိုင်ဆိုးကြည့်တာမျိုး ပိုလုပ်လာကြပါတယ်။ ဒါပေမယ့် ဆိုးဆေးထိရတဲ့ဆံသားက အခန့်မသင့်ရင် ပျက်စီးသွားနိုင်တာမို့ ကိုယ်တိုင်ဆိုးမယ့်သူတွေအနေနဲ့ ဆိုးနည်းမှန်အောင် ဂရုစိုက်ဖို့က အရေးအကြီးဆုံးပါ။ ဒီတစ်ခေါက်မှာ ကိုယ်တိုင်ဆံပင် Highlight ဖောက်မယ့် ပျိုမေတို့အတွက် သိထားသင့်တဲ့ ဆိုးနည်းအဆင့်တွေကို ဖော်ပြပေးသွားမှာပါ။

ဆံသားကို ပြင်ဆင်ပါ

အရင်ဆုံး ဆံပင်မဆိုးခင်မှာ ဆံသားက အရမ်းမခြောက်သလို အဆီအရမ်းမပြန်တဲ့အနေအထားဖြစ်ဖိူ့ လ်ုပါတယ်နော်။ ခေါင်းလျှော်ပြီး နောက်ရက်မှာ ဆိုးတာမျိုး က အကောင်းဆုံးပါပဲ။ ဆံပင်ကို ဖြေးဖြေးဖြီးချပြီး ထုံးနေတာတွေ ရှင်းထားပေးပါ။

လိုအပ်တဲ့ ပစ္စည်းတွေကို စုထားပါ

သင်က အခုမှ ပထမဆုံး ကိုယ်တိုင် ဆံပင်ဆိုးမယ့်သူဆိုရင် ဆံသားအတွက်သင့်တော်တဲ့ ဆိုးဆေးပမာဏ၊ ဆိုးရမယ့် Brush နဲ့ ဆေးမှာပြထားတဲ့ အညွှန်းတွေအပြင် လိုအပ်တဲ့ အကာအကွယ်ပစ္စည်းတွေကို တစ်တစ်ဆင့်ချင်း သေချာလိုက်စုထားဖို့ လိုပါတယ်နော်။ ဒါက အခန့်မသင့်ဘဲ ဆံသားနဲ့ ဦးရေပြားလောင်တာတွေ မဖြစ်အောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

အရောင်သေချာရွေးပါ

ကိုယ်တိုင်ဆိုးမယ့်သူတွေအတွက် အရောင်ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ အရမ်းနက်တဲ့ ဆံသားရှိသူတွေက တစ်ကြိမ်ထဲနဲ့ ချွတ်ဆေး အထပ်ထပ်သုံးတာမျိုးကို ရှောင်ပေးပါနော်။ အဲ့ဒီ့အစား အညိုအဖျော့လို အရောင်လေးရအောင် ဆိုးပြီးမှ Blonde ကာလာ ဘက်ကို ဖြေးဖြေးချင်း ပြောင်းဆိုးတာ ပိုကောင်းပါတယ်။

ဆိုးမယ့်နေရာ ကြိုရွေးထားပါ

ဆိုးပြီးမှ မကြိုက်တာမျိုး မဖြစ်ရအောင် ကိူယ် Highlight ဖောက်မယ့် နေရာတွေကို ကြိုစဉ်းစားထားဖို့ မမေ့ပါနဲ့နော်။ အရောင်အရမ်းချွတ်ဖို့မလိုဘဲ မျက်နှာလေးလင်းသွားဖို့ မျက်နှာဘေးနှစ်ဖက်မှာ ဆိုးတာမျိုး လုပ်ကြည့်ပါ။ ဆံသားရဲ့ အပေါ်ပိုင်းအထပ်ကို ဆိုးတာက ကြည့်လိုက်တာနဲ့ ပိုမြင်ရမှာပါ။

Highlight ဆိုးတဲ့အခါ

ကိုယ်တိုင်ဆိုးတဲ့အခါမှာ နောက်ဘက်က အရင်စဆိုးပေးပါ။ ဆံသားအောက်ပိုင်းကနေ အပေါ်ဘက်ကို ဆိုးပေးရပါမယ်။ Highlight ဖြစ်တာမို့ အခြားဆံပင်တွေအပေါ် အရောင်မစွန်းရအောင် ဆိုးပြီးတဲ့ ဆံသားအလွှာကို စုပြီး Aluminum Foil နဲ့ပတ်ပေးရပါမယ်။

ခေါင်းပြန်လျှော်တဲ့အခါ

ဆိုးပြီးပြီးချင်း ရေဆေးတဲ့အခါ ခေါင်းလျှော်ရည်နဲ့မလျှော်တာပိုကောင်းပါတယ်နော်။ ဆေးအသားကျဖို့ တစ်ရက် (သို့) နှစ်ရက်ခန့်ထားပြီးမှ ခေါင်းလျှော်ရည်သုံးပြီးလျှော်သင့်ပါတယ်။

Photo Source: Pinterest
By MyStyle Myanmar