ကိုယ့် Relationship နဲ့ပတ်သက်ပြီး စိတ်ညစ်စရာရှိတဲ့အခါမှာ ဒါကိုပဲထိုင်တွေးပြီး စိတ်ညစ်နေတာမျိုးမဖြစ်ပါစေနဲ့။ ကိုယ့်စိတ်ကိုဒုက္ခမခံပါနဲ့။ စိတ်သက်သာရာရအောင် စိတ်ညစ်နေတာတွေ ပျောက်သွားအောင် ဒီအရာတွေထဲက အနည်းဆုံး တစ်ခုခုကိုတော့ လုပ်ကြည့်လိုက်ပါ။

စိတ်ပြေလက်ပျောက်အပြင်သွားပါ

Relationship ကြောင့် စိတ်ညစ်စရာရှိနေရင် အိမ်မှာပဲနေတာမျိုးမလုပ်ပဲ စိတ်ပြေလက်ပျောက်ဖြစ်သွားအောင် အပြင်လျှောက်သွားလိုက်ပါ။ မုန့်စားတာ၊ ဈေးဝယ်ထွက်တာနဲ့ တခြားကိုယ်ကြိုက်တဲ့နေရာတွေ သွားလိုက်ပါ။ စိတ်ညစ်နေတာတွေ အကုန်မပျောက်ရင်တောင်မှ လျော့ကျသွားပါလိမ့်မယ်။

သူငယ်ချင်းအပေါင်းအသင်းနဲ့တွေ့ပါ

စိတ်ညစ်စရာတွေ၊ စိတ်ပင်ပန်းစရာတွေ၊ ဝမ်းနည်းစရာတွေရှိတဲ့အခါ သူငယ်ချင်းတွေနဲ့တွေ့လိုက်ရင် အရမ်းစိတ်သက်သာရာရစေပါတယ်။ ဒါကြောင့် ကိုယ့်သူငယ်ချင်း အပေါင်းအသင်းတွေနဲ့တွေ့ပြီး စကားပြောတာ၊ ပျော်ပါးတာမျိုးတွေ လုပ်ပစ်လိုက်ပါ။

တစ်ယောက်ထဲအေးဆေးအနားယူပါ

အပေါ်မှာပြောခဲ့တဲ့ နှစ်ချက်လုံးမလုပ်ချင်ဘူး၊ တစ်ယောက်ထဲပဲနေချင်တာဆိုရင်တော့ တစ်ယောက်ထဲနေပြီး အေးဆေးအနားယူပါ။ ဒါပေမယ့် စိတ်ညစ်စရာတွေကိုတော့ မတွေးပါနဲ့။ ကိုယ်ဝါသနာပါတာလေးတွေ၊ လုပ်ချင်နေတာလေးတွေကို လုပ်ရင်းနဲ့ အချိန်ကုန်တာမျိုး၊ ရုပ်ရှင်ကြည့်ရင်း၊ စာအုပ်ဖတ်ရင်းနဲ့ အချိန်ကုန်တာမျိုးတွေ လုပ်နိုင်ပါတယ်။

တရားထိုင်ပါ၊ ယောဂကျင့်ပါ

နောက်တစ်ခုကတော့ တရားထိုင်တာနဲ့ ယောဂကျင့်တာပါပဲ။ Relationship ကြောင့်မှမဟုတ်ပါဘူး။ တခြားဘယ်လိုစိတ်ညစ်စရာတွေပဲရှိရှိ တရားထိုင်တာ၊ ဒါမှဟုတ် ယောဂကျင့်တာမျိုး လုပ်ပေးရင် စိတ်တည်ငြိမ်ပြီး အဆင်ပြေလာမယ်၊ စိတ်ညစ်စရာတွေ Stress တွေအားလုံး လျော့ကျသွားပါလိမ့်မယ်။

သူနဲ့အဆက်အသွယ်မလုပ်ပဲနေပါ

Relationship ကြောင့် စိတ်ညစ်စရာရှိတဲ့အခါ အရမ်းစိတ်ညစ်လာရင်၊ မွန်းကြပ်သလို ခံစားလာရရင် သူနဲ့ ခဏလောက် အဆက်အသွယ်မလုပ်ပဲနေလိုက်ပါ။ အဆက်အသွယ်ရှိနေရင်၊ စကားပြောနေရင် ပိုပြီးစိတ်ညစ်လာရတာ၊ စိတ်ပင်ပန်းလာရတာမျိုးတွေ ဖြစ်နိုင်တဲ့အတွက် အဆက်အသွယ်မလုပ်ပဲ တစ်ယောက်ထဲခဏနေလိုက်ပါ။