သူငယ်ချင်းကောင်းတွေလည်း ရှိပေမယ့် တချို့ကျတော့ ကိုယ့်အတွက် Toxic ဖြစ်စေတာမျိုးတွေလည်း ရှိပါတယ်။ ဒါဆိုရင် ဘယ်လိုလူမျိုးတွေကို Toxic ဖြစ်စေတဲ့ သူငယ်ချင်းအဖြစ်နဲ့ သတ်မှတ်လို့ရနိုင်လဲဆိုတဲ့ အချက်တွေကို ပြောပြပေးလိုက်ပါတယ်။

သင့်ခံစားချက်တွေကိုဂရုမစိုက်ခြင်း

ကိုယ့်အပေါ် တကယ်စစ်မှန်တဲ့သူငယ်ချင်းဆိုရင် ကိုယ့်ခံစားချက်တွေကို တွေးပေးမှာ၊ ဂရုစိုက်မှာပါပဲ။ ဒါပေမယ့် တချို့ကျတော့ ကိုယ်ဖြစ်ချင်တာ၊ ပြောချင်တာ၊ လုပ်ချင်တာတွေပဲ သိပြီးတော့ ကိုယ့်သူငယ်ချင်း ဘယ်လိုဖြစ်သွားမလဲဆိုတာကို ထည့်မစဉ်းစားပေးကြပါဘူး။ ဒီလိုသူငယ်ချင်းကြောင့် အမြဲစိတ်ညစ်ရတယ်၊ စိတ်ထိခိုက်ရတယ်ဆိုရင် ဒါက သင့်အတွက် Toxic ဖြစ်စေတဲ့ သူငယ်ချင်းပါပဲ။

ကိုယ့်ကိုဝေဖန်ကဲ့ရဲ့ခြင်း

ကိုယ့်အပေါ်ကောင်းစေချင်လို့ ပြောပြတာ၊ လမ်းညွှန်ပေးတာ၊ စနောက်တာနဲ့ ဝေဖန်ကဲ့ရဲ့တာနဲ့က တခြားဆီပါပဲ။ တချို့ကျတော့ ဝေဖန်ကဲ့ရဲ့နေတာကို ကောင်းစေချင်လို့ပြောတာ၊ စနောက်တာဆိုပြီး ပြောတတ်ကြပါတယ်။ တစ်ခါနှစ်ခါလည်းမဟုတ်ပဲ အမြဲလိုလို တစ်ခုမဟုတ်တစ်ခုကို ဝေဖန်နေတာမျိုး၊ ကိုယ့်ရဲ့အားနည်းချက်ကိုပဲ စနောက်သလိုနဲ့ ကဲ့ရဲ့နေတာမျိုးတွေ၊ လှောင်ပြောင်နေတာမျိုးတွေ လုပ်နေတယ်ဆိုရင် ဒီလို Toxic ဖြစ်စေတဲ့ သူငယ်ချင်းမျိုးနဲ့ မပေါင်းပါနဲ့တော့။

သင့်ကိုတခြားသူတွေနဲ့နှိုင်းယှဉ်ပြောဆိုခြင်း

သူငယ်ချင်းကို စနောက်တာမျိုးမဟုတ်ပဲ ခဏခဏ တခြားသူတွေနဲ့ လိုက်နှိုင်းယှဉ်ပြီးပြောနေရင် ခံစားရမှာပါပဲ။ တခြားသူကပြောတာမဟုတ်ပဲ ကိုယ့်သူငယ်ချင်းလို့ သတ်မှတ်ထားတဲ့သူက ပြောတာဖြစ်လို့ ပိုတောင်ခံစားရမှာပါ။ ဒါကြောင့် ဒီလိုပြောဆိုတတ်ရင်လည်း Toxic Friend အဖြစ်နဲ့ သတ်မှတ်လို့ရပါတယ်။

အတင်းအရမ်းပြောခြင်း

မိန်းကလေးတိုင်းကတော့ အတင်းပြောတတ်တာပဲလို့ ပြောလို့ရပေမယ့် အမြဲသူများအကြောင်း၊ သူများအတင်းအဖျင်းတွေပဲ ပြောနေတာမျိုးကျတော့ မကောင်းပါဘူး။ ကိုယ့်ဆီလာပြီး အဲ့လိုတွေ ခဏခဏပြောနေရင် ကိုယ်တိုင်လည်း Positive Energy တွေ လျော့ကျလာစေပါလိမ့်မယ်။ အတင်းပြောရတာ၊ သူများအကြောင်းပြောရတာ မကြိုက်တဲ့သူတွေအတွက်တော့ ဒီလိုတွေ ခဏခဏလာပြောနေခြင်းက Toxic ဖြစ်စေတဲ့သူပါပဲ။

လျှို့ဝှက်ချက်တွေကိုမစောင့်ထိန်းခြင်း

ကိုယ်က ယုံကြည်လို့၊ ခင်လို့ Best Friend တစ်ယောက်အနေနဲ့ ရင်ဖွင့်လိုက်တာ၊ လျှို့ဝှက်ချက်တွေ ပြောပြလိုက်တာကို မစောင့်ထိန်းပဲ တခြားသူတွေကို ပြောပြနေတာဟာ Ethic မရှိတာပါပဲ။ ဒီလိုလုပ်တတ်တဲ့ သူငယ်ချင်းမျိုးကို Toxic Friend လို့လည်း ပြောနိုင်ပါတယ်။

အမြဲ Drama ခင်းခြင်း

သူငယ်ချင်းတွေထဲမှာ ဆိုးရွားတဲ့ Toxic ဖြစ်စေတဲ့ နောက်ဆုံးအချက်ကတော့ အမြဲ Drama ခင်းနေတဲ့သူပါပဲ။ သူ့ကိုနည်းနည်းလောက် စကားမပြောမိတာနဲ့ Facebook မှာ Post တွေ Share တာ၊ စာတွေတင်တာ၊ တစ်ခုခုဆို စကားအထအနကောက်ပြီး အရမ်း Drama ခင်းတာ ဒီလိုလူတွေက အရမ်း Toxic ဖြစ်ပါတယ်။ အစပိုင်းမှာ ရှင်းပြပြီး ချော့တာတွေ ရှိနိုင်ပေမယ့် ကြာလာလည်း ဘာမဟုတ်တာကအစ ဒီလိုတွေခဏခဏ Drama ခင်းနေတာကို မြင်လာရရင် စိတ်ပျက်လာနိုင်ပါတယ်။