မင်္ဂလာပါ ပျိုမေတို့ရေ။ အပြင်သွားစရာရှိတိုင်း ဝက်ခြံဖုတွေထွက်လာတာမျိုး ကြုံဖူးကြလား။ ဝက်ခြံခဏခဏထွက်တာက တကယ်ကို စိတ်ရှုပ်စရာပါပဲနော်။ ဝက်ခြံထွက်တာက ဟော်မုန်းမညီတာ၊ အဆီပြန်ပြီး ချွေးပေါက်ပိတ်တာတွေကတစ်ဆင့် အဖြစ်များပါတယ်။ ဝက်ခြံက Skin Type မရွေးဖြစ်တတ်တဲ့ အသားအရေပြဿနာတစ်မျိုးပါ။ သင့်အနေနဲ့လည်း ဝက်ခြံပြဿနာရှိလို့ စိတ်ညစ်နေရတယ်ဆိုရင် ဒီဆောင်းပါးမှာပါတဲ့ သဘာဝနည်းတွေက သင့်အတွက်အသုံးဝင်ပါလိမ့်မယ်။ ဒီတစ်ခေါက်မှာ ဝက်ခြံသက်သာဖို့ သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင်လွယ်လွယ်လုပ်လို့ရတဲ့ သဘာဝနည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပျားရည်


လေ့လာသူတွေက ညအိပ်ခါနီးမှာ ဝက်ခြံနေရာတွေပေါ် ပျားရည်စက်လေး တို့ ပေးထားတာက မနက်ပိုင်းမှာ ဝက်ခြံဖုတွေ ခြောက်ပြီး ကပ်သွားစေတယ်လို့ ပြောကြပါတယ်။ ပျားရည်မှာပါတဲ့ Antioxidant ဓာတ်က မျက်နှာနီမြန်းတာ၊ ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။

ကြက်ဥအကာ


ဝက်ခြံအတွက် ကြက်ဥအကာကိုလည်း သုံးနိုင်ပါတယ်နော်။ ကြက်ဥအကာက ပရိုတင်းပါတာမို့ အရေပြားတင်းရင်းစေတဲ့အပြင် အဆီစုပ်ယူပေးနိုင်တဲ့အာနိသင်ရှိတာမို့ အဆီပြန်တာကိုလည်း လျှော့ချပေးမှာပါ။ ချွေးပေါက်မပိတ်စေတာမို့ ဝက်ခြံမထွက်အောင် ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ကြက်ဥအကာသက်သက်ကို ဝက်ခြံထွက်တဲ့နေရာမှာလိမ်းပေးပြီး ခြောက်အောင်ထားလိုက်ပါ။ ခြောက်သွားတဲ့အခါ ရေအေးလေးနဲ့ဆေးချလိုက်ရုံပါပဲ။

သင်္ဘောသီး


သင်္ဘောသီးကလည်း ဆဲလ်သေတွေဖယ်ရှားပြီး အသားအရေကိုသန့်စင်ပေးနိုင်တဲ့ Exfoliate အာနိသင်ရှိတာမို့ ဝက်ခြံတွေကိုရှင်းလင်းပေးမှာပါ။ လုပ်ရမယ့်နည်းက သင်္ဘောသီးအနည်းငယ်ကို ကြိတ်ချေပြီး အနှစ်ပုံစံရတဲ့အခါ ပေါင်းတင်သလို မျက်နှာမှာလိမ်းပေးရမှာပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချနိုင်ပါတယ်။

လိမ္မော်သီးအခွံ


Vitamin C ကြွယ်ဝတဲ့ လိမ္မော်သီးက ဝက်ခြံဖြစ်စေတဲ့ ပိုးမွှားနဲ့ ဘက်တီးရီးယားတွေကို ရှင်းထုတ်ပေးတာမို့ အသားအရေကြည်လင်ပြီး နူးညံ့စေမှာပါ။ လိမ္မော်ခွံအနည်းငယ်ကို အမှုန့်ရအောင်ကြိတ်ချေပြီး ရေနည်းနည်းရောကာ ခပ်ပြစ်ပြစ် အနှစ်ဖျော်ပေးပါ။ ရလာတဲ့အနှစ်ကို မျက်နှာမှာလိမ်းပြီး မိနစ် ၂၀ ခန့် ထားပေးရပါမယ်။ အချိန်ပြည့်တဲ့အခါ ရေနဲ့ပြောင်အောင်ဆေးချပေးလိုက်ပါ။

Oat ဂျုံ


Oat ဂျုံကို Skincare ပစ္စည်းတွေမှာ ထည့်သုံးတတ်ကြသလို သူ့ရဲ့အာနိသင်က ရောင်ရမ်းနေတဲ့ ဝက်ခြံဖုတွေ ပြားချပ်ပြီး အရောင်ကျဖို့ ကူညီပေးနိုင်ပါတယ်။ အရောအနှောမပါတဲ့ Oat ဂျုံအနည်းငယ်ကို ပျားရည်နည်းနည်းနဲ့ရောမွှေပေးလိုက်ပါ။ ရလာတဲ့အနှစ်ကို မျက်နှာမှာလိမ်းပြီး နာရီဝက်ခန့်ထားကာ ရေဆေးချနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar