ယောဂကစားခြင်းဟာ ခန္ဓာကိုယ် ကိုယ်ရောစိတ်ပါကျန်းမာခြင်းတွေကို ယူဆောင်လာပေးတယ်ဆိုတာ အားလုံးသိထားပြီးဖြစ်ပါတယ်။ စာဖတ်သူဟာ ယောဂကိုအခုမှစ ကစားမယ့် Beginner တစ်ယောက်ဆိုရင်တော့ ဘယ်ကနေဘယ်လိုစရမလဲ ဆိုတာ အခက်တွေ့နေနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ အိမ်မှာပဲလွယ်လွယ်ကူကူ ပြုလုပ်လို့ရမယ့် Beginners တွေအတွက် သင့်တော်တဲ့ ယောဂလေ့ကျင့်ခန်းတွေပြောပြပေးချင်ပါတယ်။

(၁) Easy Pose

Easy Pose ဟာ ယောဂ စကစားသူတွေအတွက် အထူးသင့်တော်ပြီး လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ အရင်ဆုံးကြမ်းပြင်မှာ ခြေထောက်တစ်ခုအပေါ် တစ်ခုထပ်ပြီး တင်ပျင်ခွေထိုင်ပေးပါ။

ပြီးရင်တော့ လက်နှစ်ဖက်ကို စုပြီး ရင်ဘတ်အရှေ့နားမှာထားပါ။ မျက်စိမှိတ်ပြီး အသက်ကိုဖြေးဖြေးချင်း ရှုသွင်းရှုထုတ်ပြုလုပ်ပေးပါ။ ထိုပုံစံအတိုင်း ၃ မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။

(၂) Downward Facing Dog

Downward Facing Dog ယောဂလေ့ကျင့်ခန်းဟာလည်း Beginners တွေအတွက် သင်ရလွယ်ကူပြီး ပေါ့ပေါ့ပါးပါးပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ အရင်ဆုံး ခန္ဓာကိုယ်ကို မတ်မတ်ရပ်ပေးပါ။ ထို့နောက် ခန္ဓာကိုယ်ကို ရှေ့သို့ကွေးညွတ်ပြီး တင်ပါးကိုမြှင့်ထားပေးရပါမယ်။

အဆိုပါပုံစံအတိုင်း ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင်ထိန်းထားပြီး ၁ မိနစ်ခန့် ငြိမ်ငြိမ်လေးနေပေးပါ။ ၁ မိနစ်ပြည့်ရင် ခန္ဓာကိုယ်ကို မူလအတိုင်းပြန်ပြီးနေပေးပါ။ ဒီလေ့ကျင့်ခန်းကိုတော့ ၃ ခေါက်ပြုလုပ်ပေးရပါမယ်။

(၃) Cobra Pose

Beginners တွေအတွက် အထူးသင့်တော်တဲ့ ယောဂလေ့ကျင့်ခန်းတွေထဲမှာ Cobra Pose ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အရင်ဆုံးကြမ်းပြင်ပေါ်ကို ဝမ်းဗိုက်နဲ့ကပ်လျက်လှဲလျောင်းပြီး ပုံစံယူပါ။

ထို့နောက် ကြမ်းပြင်ကိုလက်ထောက်ပြီး ခါးနေရာကနေ စတင်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းကို မြင့်တင်ပေးပါ။ အသက်ကိုဖြေးဖြေးချင်း ရှုသွင်းထုတ်ပြီး အဆိုပါပုံစံအတိုင်း ၁ မိနစ်ခန့် ငြိမ်ငြိမ်လေးနေပေးရပါမယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁ မိနစ် ၃ ခေါက်ပြုလုပ်ပေးပါ။

(၄) Chair Pose

Chair pose ဆိုတဲ့အတိုင်း ခန္ဓာကိုယ်ကို ကုလားထိုင်တစ်လုံးလို ပြုလုပ်ပေးရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ အရင်ဆုံး မတ်တပ်ရပ်အနေအထား ပုံစံယူပေးပါ။ထို့နောက် ဒူးကိုအနည်းငယ်ကွေးညွတ်ပြီး တင်ပါးကိုမြင့်ထားပေးပါ။

လက်တွေကိုတော့ ၄၅ ဒီဂရီခန့်အပေါ်သို့ ဆန့်ထုတ်ထားပါ။ အဆိုပါပုံစံအတိုင်း ငြိမ်ငြိမ်လေးနေပေးပါ။ အချိန်ကြာကြာနေနိုင်တဲ့အထိ နေပေးပါ။ ညောင်းလာရင် ခဏနားပြီး အဆိုပါလေ့ကျင့်ခန်းကို နောက်တစ်ကြိမ်ပြန်လုပ်ပေးပါ။ ၃ ခေါက်လောက် ပြုလုပ်နိုင်ရင်ပိုကောင်းပါတယ်။