ချစ်သူဟောင်းနဲ့ ပြန်တွဲလိုက် ပြီးရင် ပြန်ပြတ်လိုက် ဖြစ်နေတာက သင့်ကျန်းမာရေးအတွက် ထိခိုက်စေနိုင်တယ်လို့ လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ မစ်ဇူရီတက္ကသိုလ်က မိသားစုသိပ္ပံပညာ ပါမောက္ခ Kale Monk က ချစ်သူဟောင်းနဲ့ ပြန်တွဲခြင်းဟာ စိတ်ပင်ပန်းမှု၊ စိတ်ဒုက္ခ၊ စိတ်ကျဝေဒနာ စတဲ့ ကျန်းမာရေး ပြဿနာတွေရှိလာနိုင်တယ်လို့ ပြောဆိုထားပါတယ်။

ကိုယ်ချစ်ရတဲ့သူနဲ့လမ်းခွဲရတာ၊ ပြတ်လို့ အသည်းကွဲရတာဟာ ပုံမှန်အခြေအနေဖြစ်ပြီး အချိန်အားဖြင့် ယာယီသာ ခံစားရတာဖြစ်ပါတယ်။ ချစ်သူဟောင်းနဲ့ပြတ်လိုက်၊ ပြန်တွဲလိုက် ဆိုတဲ့ သံသရာကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

တစ်ခါတစ်လေမှာတော့ ချစ်သူတွေပြတ်သွားကြတာက အမြင်သစ်တစ်မျိုး ပြောင်းသွားစေပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်တန်ဖိုးထားကြသလဲဆိုတာ တစ်ယောက်တည်း ဖြစ်နေတဲ့အချိန်တွေမှာ သိရှိနားလည်လာပါတယ်။

ချစ်သူနှစ်ဦး ပြတ်သွားတယ်ဆိုတာ စိတ်ဆိုးလို့လည်း ဖြစ်နိုင်သလို၊ စိတ်ကုန်သွားလို့လည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့ နားလည်မှုလွဲသွားလို့လည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူနှစ်ဦးအတူနေတော့မယ်ဆိုရင် တစ်ဦးရဲ့စိတ်ကိုတစ်ဦးက အလုံးစုံနားမလည်နိုင်ရင်တောင် တစ်စိတ်တစ်ပိုင်းတော့ နားလည်နိုင်အောင် လေ့လာထားဖို့လိုအပ်ပါတယ်။ ချစ်တယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ လူနှစ်ဦးအတူ ယှဉ်တွဲနေထိုင်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။

“ကျွန်တော်အကြံပေးချင်တာကတော့ ပြန်တွဲမယ် စဉ်းစားတိုင်း ငါတို့ဘာကြောင့်ပြတ်ခဲ့ရသလဲ ဆိုတဲ့အကြောင်းရင်းက အရေးကြီးတယ်ဆိုတာကို စဉ်းစားဖို့ပါပဲ။ ဒီတစ်ကြိမ်မှာရော အရင်တစ်ခေါက်နဲ့မတူပဲ အရာရာခြားနားသွားမှာ တကယ်သေချာရဲ့လား။ ပြန်တွဲမယ်ဆိုရင်တော့ အချင်းချင်း သူတို့ကွဲခဲ့ရတဲ့ နောက်ကွယ်က အဓိကအကြောင်းရင်းတွေအကြောင်း ပြန်ပြီးဆွေးနွေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ပြုပြင်စရာရှိတာတွေ၊ ရှောင်ရမယ့်အရာတွေ အစရှိသဖြင့် ရှာဖွေပြီးတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုယူဖို့လည်း လိုအပ်ပါတယ် ” လို့ Kale Monk ကပြတ်စဲသွားပြီးမှ နောက်တစ်ကြိမ် ပြန်တွဲကြတော့မယ့် လူတွေအတွက် အကြံပေးထားပါတယ်။

အဆိပ်နဲ့တူတဲ့ relationship မျိုးဟာ သင့်ကို နာကျင်ခံစားရစေရုံသာမက စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းခံရမှုတွေနဲ့ပါ ကြုံရတက်ပါတယ်။ သင့်အတွက် ပျော်ရွှင်မှုတွေ မပေးနိုင်တဲ့ relationship ကိုအကြာကြီးထိန်းသိမ်းထားဖို့ မကြိုးစားပါနဲ့။

ရုန်းထွက်နိုင်အောင်ကြိုးစားပါ။ Kale Monk ပြောခဲ့သလိုပဲ အချစ်ဟောင်းနဲ့ ပြန်တွဲခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် အဆက်ဟောင်းနဲ့ပြန်လက်တွဲတော့မယ်ဆိုရင် သေချာပြန်စဉ်းစားဖို့ အကြံပေးပါရစေ။