ဒီနေ့ခေတ်ကိုက စိတ်ရှုပ်ထွေးရတဲ့ ခေတ် (Age of Anxiety) ဖြစ်တဲ့အပြင် စိတ်ရှုပ်ရတဲ့ အကြောင်းတွေကလည်း အများသားနော်။ စိတ်ကို အေးချမ်းတည်ငြိမ်အောင် ထားဖို့ဆိုတာ တော်ရုံလူတွေအတွက် ခက်ပါတယ်။

စိတ်အလေ့အကျင့်ရှိသူတွေမှ ဖြစ်နိုင်တာပါ။ စိတ်တွေရှုပ်နေချိန်မှာ ရှင်းရှင်းကြည်ကြည် ဖြစ်စေဖို့ဆိုရင် ဒီအချက်ကလေးတွေ လိုက်နာကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၁) ခဏနား

စိတ်ရှုပ်နေချိန်ဟာ သင့်ကိုယ်သင် Time Out လို့ ပြောပြီး နားရမယ့်အချိန်ပါပဲ။ သီချင်းလေး နားထောင် ၊ ဝါသနာပါရင် ယောဂလေး လုပ် ၊ အဆင်ပြေရင် တရားလေးဘာလေး ထိုင်ပါ။ အဓိကကတော့ အနားယူလိုက်ဖို့ပါပဲ။ ပြဿနာနွံထဲကနေ ရုန်းထပြီး ခဏလောက် နားလိုက်တာနဲ့ စိတ်ပြန်ကြည်သွားတတ်လို့ပါ။

တစ်ချို့တွေကတော့ အသက်ပြင်းပြင်းရှုပြီး စိတ်ကို ကြည်အောင် လုပ်တတ်ကြပါတယ်။ အသက်ကို မိနစ်အနည််းငယ်ကြာအောင် ဖြည်းဖြည်းချင်း နက်နက်ရှိုင်းရှိုင်း ရှုလိုက်ရင် ခေါင်းရှုပ်သက်သာသွားတာ ကိုယ်တွေ့ပါပဲ။

(၂) အစားအသောက်နဲ့ ပြုပြင်

ကျန်းမာပြီး အာဟာရရှိတဲ့ အစားအစာစားပါ။ အရက်သေစာနဲ့ ကဖိန်းဓါတ်ကို လျှော့ပါ။ ရှောင်ပါ။ စိတ်ကို ပြောင်းလဲစေမယ့် အရာတွေနဲ့ ဝေးဝေးနေပါ။ မဟုတ်ရင်တော့ ခေါင်းရှုပ်တဲ့အဆင့်ကနေ ခေါင်းနောက်သွားတဲ့ အဆင့်ပါ ရောက်ပါလိမ့်မယ်။

(၃) အိပ်ရေးပျက်မခံပါနဲ့

အိပ်ရေးမဝခြင်းဟာ စိတ်အခြေအနေပေါ် အများကြီး လွှမ်းမိုးပါတယ်။ အိပ်ရေးပျက်တာ များလာရင် လူဟာ စိတ်တိုလွယ်ပြီး စိတ်ဖိစီးမှုဒဏ် သိပ်မခံနိုင်တော့ပါဘူး။ စိတ်ဖိစီးမှု များနေချိန်မှာ အိပ်ရေးဝဝ အိပ်နိုင်ရင် အာရုံနောက်တာ တစ်ဝက်သက်သာပါလိမ့်မယ်။

(၄) သဘောထားပြောင်းပါ

သင်မပြောင်းလဲနိုင်တဲ့အရာတွေက သင့်အတွက် အရေးပါနေရင် လက်ခံလိုက်ပါ။ ဖိအားဖြစ်နေတဲ့ အရာတွေကို ရှုထောင့်ပြောင်းပြီး ကြည့်ပါ။ ဒါက သင်ထင်သလောက်လည်း ဆိုးချင်မှ ဆိုးမှာပါ။ အင်္ဂလိပ်စကားမှာတော့ Fight-Flight လို့ ခေါ်ပါတယ်။ ရင်ဆိုင်မလား – ထွက်ပြေးမလား။ ကျွန်တော်ကတော့ ရင်ဆိုင်ဖို့ပဲ အကြံပေးချင်ပါတယ်။

တကယ်လို့ ကိုယ့်ကို စိတ်ဖိစီးစေတဲ့အရာကို ဘယ်လိုကိုင်တွယ်ရမလဲ မသိဘူးဆိုရင်တော့ ကိုယ်ယုံကြည်တဲ့သူကို ရင်ဖွင့်ပါ။ တိုင်ပင်ဆွေးနွေးပြီး အကြံရယူပါ။ ဒါဆို စိတ်လည်း သက်သာရာရပြီးအဖြေလည်း ရှာတွေ့မယ်လို့ ထင်ပါတယ်။

(၅) ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ

ကိုယ်ကာယနဲ့ စိတ်ဟာ ဆက်စပ်နေပါတယ်။ ကိုယ်ကာယကျန်းမာနေသူဟာ စိတ်ပိုင်းမှာလည်း ပိုပြီး ရွှင်လန်းပါတယ်။ Gym ကစားပါ။ လူတွေနဲ့အတူ လှုပ်ရှားရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်ပါ။ စိတ်ကို ကြံ့ခိုင်အောင် ထားဖို့အတွက် ကိုယ်ခန္ဓာကို အရင် ကျန်းမာကြံ့ခိုင်အောင် တည်ဆောက်ဖို့ တိုက်တွန်းချင်ပါတယ်။