ဗောက်ထတယ်ဆိုတာက ဦးရေပြားခြောက်ရင်လည်း ဖြစ်သလို၊ အရမ်းဆီပြန်ရင်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဦးရေပြားမသန့်တာ၊ မတည့်တာတွေသုံးမိရင်လည်း ဗောက်ထပါတယ်။ ဒီတော့ ဘယ်လိုအကြောင်းကြောင့်ဖြစ်ဖြစ် ဗောက်တွေများနေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဗောက်ထတာ သက်သာပျောက်ကင်းစေမယ့် Hair Mask ပြုလုပ်နည်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီထဲက ကိုယ်ကြိုက်နှစ်သက်ရာ အဆင်ပြေရာတစ်မျိုးကို ရွေးလုပ်လိုက်ရုံပဲနော်။

ပထမ Hair Mask ကတော့ ဒိန်ချဉ် – ခွက်တစ်ဝက်စာကို သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး ဦးရေပြားနဲ့ ဆံသားကို သေချာပွတ်လိမ်းပေးပါ။ မိနစ် ၃၀ ထားပြီးတော့မှ ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာ Mild ဖြစ်တဲ့ Sulfate-free Shampoo ကို သုံးပေးပါ။

ဒုတိယ Hair Mask ကတော့ ငှက်ပျောသီးအမှည့် – ၂ လုံးကိုချေပြီး ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပေးပါ။ ပြီးရင် ဦးရေပြားအနှံ့နဲ့ ဆံသားကို သေချာပွတ်လိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်မှ ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း ခုနကလိုပဲ Mild ဖြစ်တဲ့ Sulfate-free Shampoo ကို သုံးပေးပါ။

တတိယ Hair Mask ကတော့ ထောပတ်သီအမှည့်တစ်လုံးကို အခွံနဲ့အစေ့ဖယ်ပြီး အသားကိုကြိတ်ချေပေးပါ။ ပြီးမှ ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်း၊ သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ ဦးရေပြားနဲ့ ဆံသားကိုလိမ်းပေးပြီး ၄၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် Mild ဖြစ်တဲ့ Sulfate-free Shampoo နဲ့ ခေါင်းလျှော်ပေးပါ။

နောက်ဆုံး Hair Mask ကတော့ အလွယ်ဆုံးပါပဲ။ Apple Cider Vinegar နဲ့ ရေနဲ့ကို ဆတူ ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာစီထည့်ပြီး မွှေလိုက်ပါ။ ပြီးရင်တော့ Spray ဘူးထဲထည့်ပြီး ဦးရေပြားအနှံ့ သေချာဖြန်းပေးပါ။ ဖြန်းပြီးရင် ၁၅ မိနစ်လောက်ပဲထားပြီး ခေါင်းလျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာ Mild ဖြစ်တဲ့ Sulfate-free Shampoo နဲ့ လျှော်ပေးပြီး Conditioner သုံးပေးပါ။