အလုပ်အင်တာဗျူး သွားဖြေပြီး အလုပ်မရတဲ့အဖြစ်ဟာ နည်းနည်းတော့ ရင်နာဖို့ကောင်းပါတယ်။ ဘယ်သူမဆို အင်တာဗျူးက အပြန်မှာ Yes ဆိုတဲ့ မှတ်ချက်နဲ့ ပြန်လာချင်ကြတာပါပဲ။ ဒါပေမယ့် အမြဲတမ်းအဆင်ပြေနေတာတော့ ဘယ်တော့မှ မျှော်လင့်လို့ မရနိုင်ဘူးလေ။ တစ်ခုကောင်းတာက အလုပ်မရလိုက်ပေမယ့် ဘယ်အင်တာဗျူးမဆို ကိုယ့်ကို တန်ဖိုးရှိတဲ့အသိတရားတွေ ပေးနိုင်ပါတယ်။

(၁) ကိုယ့်အမှားကို ပြန်လေ့လာနိုင်တယ်

အလုပ်အင်တာဗျူးတွေမှာ အင်တာဗျူးသူတွေဟာ ဘယ်နေရာမှားတယ်/မှန်တယ်ဆိုပြီး Feedback တချို့ ပြန်ပေးလေ့ရှိပါတယ်။ ဒီ Feedback တွေဟာ ကိုယ့်အတွက် အကျိုးကျေးဇူးများပါတယ်။ ဒီအကြံပြုချက်တွေကို ယူပြီး ကိုယ့်ကိုယ်ကိုယ် ပိုကောင်းအောင် အကဲဖြတ်ရတာ ဖြစ်ပါတယ်။

(၂) နောက်အင်တာဗျူးမှာ ပိုကောင်းအောင် သင်နိုင်တယ်

အင်တာဗျူးတွေဟာ အတွေ့အကြုံတွေ ပေးပါတယ်။ လူတွေ့မေးမြန်းမှုတွေမှာ ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုနိုင်ဖို့ သတ္တိပေးပါတယ်။ အင်တာဗျူးဖြေဆိုမှု အတွေ့အကြုံတွေကနေ အလုပ်အကိုင်သဘာဝတွေနဲ့ ပြဿနာဖြေရှင်းမှု နည်းလမ်းသစ်တွေ မြင်လာနိုင်ပါတယ်။ အနည်းဆုံးတော့ အင်တာဗျူးလုပ်ချိန်မှာ ကိုယ့်ခံစားချက်ကို ဘယ်လို ထိန်းချုပ်ရမယ် ၊ ပရော်ဖက်ရှင်နယ်ကျကျ ဘယ်လိုထိရောက်အောင် ဖြေဆိုရမယ် သိသွားမှာပါ။

(၃) စကားပြောတတ်သွားမယ်

များသောအားဖြင့် လူတွေ့အင်တာဗျူးတွေမှာ လုပ်တတ်တဲ့ အမှားတစ်ခုက ယေဘုယျဆန်တဲ့ အသုံးအနှုန်းတွေနဲ့ မထိရောက်တဲ့ အရပ်စကားတွေ သုံးနှုန်းမိတာပဲ ဖြစ်ပါတယ်။ ဒီအမှားလေးတွေကြောင့် အင်တာဗျူးမေးတဲ့သူတွေက ကိုယ့်ကို အထင်အမြင်သေးသွားနိုင်ပါတယ်။ အလုပ်အင်တာဗျူးမှာ ကိုယ်လျှောက်တဲ့ အလုပ်ရာထူးနဲ့အညီ ပြောရမယ့်ပုံစံ ၊ သုံးရမယ့် စကားလုံးနဲ့ အသံကို ဂရုစိုက်ဖို့ လိုပါတယ်။ အလုပ်မရလိုက်ပေမယ့် အင်တာဗျူးတွေ ဖြေရင်းနဲ့ ဘယ်လိုပြောရမလဲဆိုတာ သိသွားပါလိမ့်မယ်။

(၄) မေးခွန်းမေးနည်းတွေ သိသွားမယ်

အလုပ်ခန့်မယ့်သူဟာ သင့်ကို အလုပ်ပေးချင်လို့ ခေါ်လိုက်တာပါ။ ကိုယ့်ဘက်က အဆင်သင့်ဖြစ်နေဖို့နဲ့ အရွေးမမှားကြောင်း သက်သေပြဖို့ပဲ လိုပါတယ်။ အင်တာဗျူးမယ့်သူရဲ့ မေးခွန်းတွေကို ထိထိရောက်ရောက် ဖြေဖို့က အရေးကြီးကြောင်း ပြောဖို့ လိုမယ် မထင်ပါဘူး။

နောက်အရေးကြီးတာတစ်ခုက ကိုယ့်ကို အင်တာဗျူးတဲ့သူကို ကြောင်းကျိုးဆီလျော်မှုရှိပြီး မေးသင့်မေးထိုက်တာတွေကိုပါ မေးမြန်းဖို့ ဖြစ်ပါတယ်။ မေးခွန်းကောင်းကောင်း ပြန်မေးခြင်းဟာ တစ်ဖက်လူ မေးသမျှကို ဖြေနိုင်ခြင်းလိုပဲ အရေးကြီးတယ်ဆိူတာ မမေ့ပါနဲ့။