မင်္ဂလာပါနော်။ မျက်နှာရဲ့ T-Zone လို့ခေါ်တဲ့ နဖူး၊ နှာတံနဲ့မေးစေ့တစ်လျှောက်မှာ သာမာန်ထက်အဆီပြန်တတ်တဲ့သူတွေရှိလား။ မျက်နှာတစ်ခုလုံး အဆီပြန်တာအပြင် T-Zone မှာပဲ အဆီပြန်ပြီး ကျန်တဲ့နေရာ ပုံမှန်အသားခြောက်တတ်သူတွေရှိတာမို့ ဒီလိုနှစ်မျိုးရော အသားအရေရှိသူတွေက မိတ်ကပ်လိမ်းတဲ့အခါ အရမ်းဂရုစိုက်ရပါတယ်။ သင်ကိုယ်တိုင်လည်း T-Zone မှာပဲ အဆီပြန်အသားအရေရှိတယ်ဆိုရင် မိတ်ကပ်မလိမ်းခင်နဲ့ လိမ်းပြီးအချိန်တွေမှာ အလှမပျက်အောင် ထိန်းသိမ်းလို့ရမယ့်နည်းတွေကို သိထားဖို့ လိုလာပါပြီ။ ဒီတစ်ခေါက်မှာ T-Zone အဆီပြန်သမားတွေအတွက် မိတ်ကပ်ပုံမပျက်ဘဲ အဆီပြန်တာသက်သာစေမယ့် နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံး မျက်နှာကို Cleansing သေချာလုပ်ပါ


ပထမဆုံးအဆင့်က မျက်နှာသစ်တဲ့အခါ အဆီပြန်သမားတွေနဲ့အဆင်ပြေမယ့် အာနိသင်မပြင်းတဲ့ Cleanser အပျော့တစ်မျိုးရွေးပြီး တစ်နေ့ နှစ်ကြိမ်ခန့်ပုံမှန်သစ်ပေးရမှာပါ။ လိုတာထက်ပိုသစ်မိရင်တော့ အရေပြားအဆီပိုထွက်တတ်တာကို သတိထားပေးပါ။ Alcohol မပါတဲ့ Foam Cleanser တွေ သုံးကြည့်သင့်ပါတယ်။

အစိုဓာတ်လိုအပ်ပါတယ်


အဆီပြန်သမားတွေမှာလည်း မျက်နှာအစိုဓာတ်မျှနေဖို့လိုတာမို့ Moisturizer ပုံမှန်လေးသုံးတာမျိုး လုပ်ပေးသင့်ပါတယ်။ ရေဓာတ်ပါဝင်မှုများပြီး စေးကပ်မှုမဖြစ်စေတဲ့ ပေါ့ပေါ့ပါးပါး Gel အမျိုးအစား Moisturizer တွေသုံးပေးပါ။

Mask ကပ်ပေးပါ

ချွေးပေါက်အတွင်းပိုင်းတွေအထိ သန့်စင်ပေးပြီး အဆီစုပ်ယူပေးတဲ့ ပေါင်းတင် Mask တွေရံဖန်ရံခါ ကပ်ပေးတာကလည်း မိတ်ကပ်လိမ်းတဲ့အချိန် အဆီပြန်တာသက်သာဖို့ ထိရောက်တဲ့နည်းတစ်ခုပါပဲ။ Clay (သို့မဟုတ်) Tea Tree အာနိသင်ပါတဲ့ သဘာ၀ Mask တွေနဲ့ ပေါင်းတင်ပေးပါ။

အဆီစုပ်စက္ကူ ဆောင်ထားပါ


အဆီပြန်သူတွေ မိတ်ကပ်မကွက်ချင်ရင် အဆီစုပ်စက္ကူဆောင်ထားပါနော်။ အဆီစုပ်စက္ကူသုံးပေးတာက ချွေးထွက်လာတဲ့အခါ ချွေးနဲ့အဆီပေါင်းပြီး ချွေးပေါက်မပိတ်သွားအောင် ကာကွယ်ပြီးသားဖြစ်မှာပါ။

Pressed Powder သုံးပေးပါ


မိတ်ကပ်လိမ်းထားပြီး အပြင်ထွက်တဲ့အချိန် အဆီပြန်တာထိန်းဖို့ ချွေးစို၊ ရေစိုခံတဲ့ Powder လေး ဆောင်ထားဖို့လိုပါတယ်။ အဆီပြန်တဲ့သူတွေက ပေါင်ဒါမှုန့်ထက် Pressed Powder တွေကိုရွေးချယ်ပေးပါ။ Pressed Powder ကလိမ်းလိုက်တဲ့အခါ စိမ့်ဝင်လွယ်တာမို့ မိတ်ကပ်သားပိုထူသွားသလိုမမြင်ရဘဲ သိပ်သိပ်လေးဖြစ်စေပါတယ်။

Matte Foundation သုံးပေးပါ


Foundation ကိုတော့ အဆီမပါတဲ့ Matte အသား မိတ်ကပ်မျိုးသုံးပေးပါနော်။ Foundation သက်သက်မလိမ်းချင်သူတွေကတော့ Tined Moisturizer လေးလိမ်းကြည့်ပါ။ လွယ်လွယ်နဲ့ မိတ်ကပ်မကွက်ဘဲ သဘာဝဆန်ဆန်လေးလှနေအောင် ထိန်းပေးနိုင်မှာပါ။

Photo Source: Pinterest

By MyStyle Myanmar