မင်္ဂလာပါနော်။ မွေးရာပါမျက်ကွင်းညိုတာအပြင် အိပ်ရေးပျက်တာ၊ မျက်လုံးကိုပွတ်ဖန်များတာနဲ့ နေပူခံမိတာတွေကလည်း မျက်ကွင်းညိုပြီး မျက်အိတ်တွဲကျလာစေမယ့် အဓိကအကြောင်းအရင်းတွေပါပဲ။ မျက်ကွင်းအရမ်းညိုလာတဲ့အခါ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေပုံ ပေါက်စေတာမို့ သင့်ကို ပုံမှန်ထက်ရုပ်ရင့်ပြီး ကြည့်ရဆိုးသွားစေတတ်ပါတယ်။
ဒါကြောင့်မို့ သက်သာဖို့အတွက် အိပ်ရေး၀၀အိပ်တာ၊ အကာအကွယ်ပါမှ နေပူထဲထွက်တာတွေအပြင် ကိုယ်တိုင်လုပ်လို့ရတဲ့ သဘာဝနည်းအချို့ကို ဒီတစ်ခေါက်ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။ ဖော်ပြထားတဲ့နည်းတွေထဲက အချို့ကို ပုံမှန်လုပ်ပေးရုံနဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း ထိရောက်တဲ့ရလဒ်ကိုတွေ့ရမှာဖြစ်လို့ ဘယ်လိုနည်းတွေဖြစ်မလဲ သိချင်ရင် ဆက်ကြည့်လိုက်ပါနော်-
အအေးခံထားတဲ့ Tea Bag နဲ့ကပ်ပါ
အလွယ်ကူဆုံးလုပ်လို့ရတဲ့နည်းတစ်ခုက မျက်ကွင်းညိုတဲ့နေရာမှာ အအေးခံထားတဲ့ Tea Bag ကပ်ပေးတာပါ။ ဒီနည်းအတွက် မကပ်ခင်မှာ Tea Bag နှစ်အိတ်ကို ရေစွတ်ပြီး ရေခဲသေတ္တာထဲခဏထည့်ထားပေးပါ။ အေးသွားတဲ့အခါထုတ်ပြီး မျက်ကွင်းနှစ်ဖက်ပေါ်မှာ ၁၀ မိနစ်မှ ၁၅ မိနစ်ကြား ကပ်ထားရုံပါပဲ။
သခွားသီး (သို့) အားလူးကပ်ပေးပါ
ဒီနည်းက မျက်ကွင်းညိုတာအပြင် မျက်အိတ်ဖောင်းတာကိုပါ သက်သာစေပါတယ်။ သခွားသီး (သို့) အာလူး တစ်လုံးကို နှစ်စိတ်စိတ်ပြီး မျက်ကွင်းမှာကပ်ထားတာမျိုး လုပ်ပေးနိုင်သလို အရည်ညှစ်ပြီး ရလာတဲ့အရည်ကို ဝါဂွမ်းနဲ့စွတ်ကာ မျက်ကွင်းမှာ စက်ဝိုင်းပုံ လိမ်းပေးတာမျိုးလည်း လုပ်လို့ရပါတယ်။ ၁၀ မိနစ်မှ ၁၂ မိနစ်ထိထားပြီး ရေအေးနဲ့ဆေးချလိုက်ပါ။
နို့အေးနဲ့ မျက်ခွံကိုပွတ်ပေးပါ
နို့အေးက မျက်ခွံတစ်ဝိုက် အရောင်မွဲနေတဲ့နေရာတွေကို သန့်စင်ပေးနိုင်တဲ့အပြင် သူ့မှာပါတဲ့ Lactic Acid က မျက်အိတ်ဖောင်းတာသက်သာပြီး အသားအရေလင်းလာစေပါတယ်နော်။ အစိုဓာတ်လည်းပေးပြီးသားဖြစ်တာမို့ နို့အေးတစ်ခွက်ထည့်ကာ ဝါဂွမ်းနဲ့စွတ်ပြီး မျက်ခွံတစ်ဝိုက်လိမ်းပေးတာမျိုးလုပ်ပေးပါ။ မိနစ်အနည်းငယ်ထားပြီး ရေအေးနဲ့ဆေးချနိုင်ပါတယ်။ သိသာတဲ့ရလဒ်အတွက် တစ်ပတ်မှာ သုံးကြိမ်လောက်လုပ်ပေးပါ။
ရှားစောင်းလက်ပတ်သုံးကြည့်ပါ
ရှားစောင်းကလည်း အစိုဓာတ်ကောင်းကောင်းဖြည့်ပေးနိုင်တာမို့ မျက်ကွင်းညိုတာသက်သာပြီး မျက်ခွံတစ်ဝိုက် အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေမှာပါ။ လက်အသန့်နဲ့ ရှားစောင်း Gel အနည်းငယ်ယူကာ မျက်ကွင်းညိုတဲ့နေရာတွေပေါ် ငါးမိနစ်လောက် နှိပ်နယ်ပြီးလိမ်းပေးပါ။ အရည်ခြောက်သွားတဲ့အခါ ရေနဲ့ပြန်ဆေးချလိုက်ရုံပါပဲ။
နှင်းဆီရည်သုံးနိုင်ပါတယ်
နှင်းဆီရည်က Skin Type အားလုံးအတွက်သုံးနိုင်ပြီး ဆဲလ်သေတွေဖယ်ရှားပေးပါတယ်။ သူ့ကိုလည်း ဝါဂွမ်းအသန့်နဲ့ စွတ်ကာ မျက်ခွံတွေပေါ် ခပ်ဖွဖွပွတ်ပြီး လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး ရေပြန်ဆေးချနိုင်ပါတယ်။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် တစ်လအတွင်း မျက်ကွင်းညိုတာ သိသိသာသာ လျော့သွားတာကို ခံစားမိပါလိမ့်မယ်။
ဗာဒံဆီနဲ့ သံပယိုရည်ပေါင်းပြီး လိမ်းကြည့်ပါ
ဗာဒံဆီနဲ့ သံပယိုရည်မှာ မျက်ကွင်းညိုဖောင်းတာသက်သာပြီး အသားပြန်ကြည်ဖို့ ချေးချွတ်ပေးတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။ ဗာဒံဆီနဲ့ သံပယိုရည် အစက်အနည်းငယ်စီ ယူပြီး နှစ်မျိုးရောကာ မျက်ခွံတွေပေါ်လိမ်းပေးပါ။ သံပယိုရည်က အာနိသင်ပြင်းတာမို့ Sensitive ဖြစ်တတ်သူတွေကတော့ တည့်မတည့်စမ်းကြည့်ပြီးမှ သုံးတာမျိုးလုပ်သင့်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar