ချစ်ရသူက လမ်းခွဲသွားတဲ့အခါ အများစုက ကြေကွဲနေတဲ့ နှလုံးသားကို ကုစားဖို့ အချိန်ယူရသလို မေ့ဖျောက်ဖို့လည်းခက်ခဲပြီး နာကျင်မှုကို မခံနိုင်အောင် ခံစားရကြပါတယ်။ လမ်းခွဲမှုကို ကျော်ဖြတ်ဖို့ကခက်ခဲပြီး ရှေ့ဆက်ဖို့မဖြစ်နိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒီလိုဝမ်းနည်းမှုမျိုးနဲ့ ကြုံလာရပြီဆိုရင် သင့်ကိုမချစ်တော့လို့ လမ်းခွဲသွားတဲ့ရည်းစားဟောင်းကို မေ့ပစ်နိုင်ဖို့ နည်းလမ်းလေးတွေ ဝေမျှချင်ပါတယ်။

ကုသဖို့ အချိန်ပေးပါ

မေ့ဖျောက်ဖို့ကြိုးစားတဲ့အခါ လူတွေလုပ်မိတဲ့ အကြီးမားဆုံးအမှားက ထိန်းမနိုင်သိမ်းမရ အရက်သောက်တာမျိုး မိုက်မဲတဲ့လုပ်ရပ်မျိုး လုပ်နေတာပါပဲ။ ဒါတွေလုပ်မယ့်အစား ကိုယ့်ကိုယ်ကို ကုစားဖို့ အချိန်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်ပါ။ ဒါ့အပြင် စိတ်ဝင်စားတဲ့ ဝါသနာအသစ်နဲ့ ဘဝရဲ့ တခြားအစိတ်အပိုင်းတွေဆီ ပြန်သွားပါ။

မရှာပါနဲ့

လမ်းခွဲပြီးနောက်ပိုင်း သူဘာတွေလုပ်နေလဲဆိုတာ သိချင်တဲ့စိတ်က ခနခနဖြစ်နေမှာပါ။ ဒါပေမယ့် သူ့ကို လိုက်ရှာတာက သင့်ကို ပိုဝမ်းနည်းစေမှာအသေချာပါ။ ဒါကြောင့် ဆိုရှယ်မီဒီယာမှာ သူ့အကြောင်းရှာတာမျိုး မလုပ်ပါနဲ့။

အဟောင်းတွေကိုပြန်မတွေးပါနဲ့

အရင်ကရှိခဲ့ဖူးတဲ့အမှတ်တရတွေကို ပြန်တွေးနေတာက သင့်ကိုအတိတ်ထဲမှာပိတ်မိနေစေတာမလို့ အဟောင်းတွေကို ပြန်တွေးမနေဘဲ မေ့လိုက်ပါ။

ပြန်တွေ့ဖို့ အကြောင်းပြချက်တွေ မရှာပါနဲ့

သင်ဘယ်လိုဘဲ ပြန်တွေ့ဖို့ အကြောင်းပြချက်ရှာပါစေ ထွက်သွားချင်တဲ့သူက သူတို့ကို ထိန်းထားဖို့ သင်ဘာလုပ်လုပ် ထွက်သွားပါလိမ့်မယ်။

သူငယ်ချင်းဖြစ်ဖို့ မကြိုးစားပါနဲ့

ရည်းစားဟောင်းနဲ့ ခင်မင်ရင်းနှီးဖို့ ကြိုးစားနေတယ်ဆိုရင် ဒါက သင်ထင်ထားတာထက် ပိုနာကျင်စေမှာပါ။