မင်္ဂလာပါနော်။ ပိုက်ဆံအကုန်အကျခံပြီး ဆံပင်အရောင်လှလှလေး ဆိုးထားပေမယ့် အရောင်ကျမြန်လို့ မတန်သလို ခံစားနေရတဲ့သူတွေရှိလား။ အရောင်ချွတ်ပြီးမှ ဆိုးတဲ့သူတွေဆိုရင် ဆိုးဆေးအရှိန်ကြောင့် ဆံသား ကြမ်းခြောက်ခြောက်ဖြစ်တာ၊ ဆံလုံးအားပျော့ပြီး ကျွတ်လွယ်တာတွေဖြစ်တတ်တာမို့ ပိုပြီးစိတ်ညစ်ရမှာပါ။ ဆေးနဲ့ထိထားတဲ့ဆံသားအတွက် ပုံမှန်ထိန်းသိမ်းမှုက အရေးကြီးပါတယ်နော်။ များသောအားဖြင့် ဆိုးပြီးအရောင်ကျွတ်လွယ်တာက မလိုအပ်ဘဲ ခေါင်းခဏခဏလျှော်တာ၊ ရေပူနဲ့ထိတာ၊ အပူနဲ့ ပုံသွင်းတာနဲ့ Sulfate ပါတဲ့ ဆံသားပစ္စည်းတွေ သုံးမိတာကြောင့် အဖြစ်များတတ်ပါတယ်။ ဒါတွေကိုရှောင်ပြီး ကာလာကြာရှည်ခံအောင် ထိန်းသိမ်းနိုင်မယ့်နည်းလမ်းအချို့အကြောင်းကို အခုတစ်ခေါက် ဆောင်းပါးမှာ ဖော်ပြပေးသွားမှာပါ။

အရောင်ထိန်း ခေါင်းလျှော်ရည်သုံးပြီး ကာလာပြန်တင်ပေးပါ


သင့်အနေနဲ့ အရောင်လွင့်လာသလို ခံစားရတဲ့အခါ ရိုးရိုး Shampoo ထက် ကာလာဆိုးထားတဲ့ ဆံသားအတွက် သီးသန့်ထုတ်ထားတဲ့ အရောင်ထိန်း ခေါင်းလျှော်ရည်သုံးပြီး လျှော်ချပေးပါ။ ခေါင်းခဏခဏလျှော်တာကလည်း ဆံသားပိုခြောက်စေတာမို့ တစ်ပတ်မှာ နှစ်ကြိမ်ထက် ပိုမလျှော်မိဖို့လိုပါတယ်။

Hair Mask သုံးပေးပါ


ဆေးနဲ့ထိထားတဲ့ ဆံသားက အစိုဓာတ်လျော့လာတတ်တာမို့ Hair Mask တွေနဲ့ ပေါင်းတင်ပြီး အစိုဓာတ်ပြန်ဖြည့်ပေးရပါမယ်။ သဘာဝပစ္စည်းတွေသုံးပြီး ခေါင်းမလျှော်ခင်လိမ်းကာ ပေါင်းတင်ပေးပါ။ တစ်လ နှစ်ကြိမ်လောက်တော့ ပုံမှန်ပေါင်းတင်ပေးဖို့ လိုပါတယ်။

စက်အပူနဲ့ပုံသွင်းတာတွေ ရှောင်လိုက်ပါ


ဆိုးဆေးကြောင့် အားလျော့နေတဲ့ဆံသားက အပူအရမ်းမခံနိုင်တာမို့ အပူနဲ့မထိအောင် တတ်နိုင်သလောက် ရှောင်ဖို့လိုပါတယ်။ လွယ်လွယ်နဲ့ ဆံပင်အရောင်လွင့်လာတတ်တာမို့ စက်အပူနဲ့ ပုံသွင်းတာတွေ၊ ရေအပူသုံးပြီး ခေါင်းလျှော်တာတွေကို ရှောင်ဖို့ မမေ့ပါနဲ့။

နေရောင်မထိအောင် ကာကွယ်ပေးပါ


နေရောင်ထဲက UV Rays တွေက ဆံပင်အရောင်မွဲစေတာမို့ အကာအကွယ်မပါဘဲ နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတာမျိုးမဖြစ်အောင် သတိထားပေးပါ။

ဆီလိမ်းပါ
ဆီလိမ်းတာကလည်း ဆံပင်အရောင်ထိန်းနိုင်ဖို့ ကူညီပေးမှာပါနော်။ ဆီလိမ်းလိုက်တဲ့အခါ ဆံသားက အစိုဓာတ်ရပြီး ဆံနွယ်လေးတွေ တောက်ပကာ အိစင်းတာစေတာမို့ ခေါင်းလျှော်ပြီးချိန်တွေမှာ ဆီလိမ်းတဲ့အကျင့်လုပ်ထားသင့်ပါတယ်။ အစိုဓာတ်များပြီး ဆံသားနူးညံ့စေတဲ့ သံလွင်ဆီ၊ အုန်းဆီစတာတွေ လိမ်းပေးပါ။

Photo Source: Pinterest

By MyStyle Myanmar