ကိုယ်က သူ့ကို သဘောကျတယ်၊ သူကလည်း ကိုယ့်ကို သဘောကျနေတဲ့ ပုံစံရှိတယ် ဒါပေမဲ့ နှစ်ဦးသားက အချင်းချင်း ရှိန်နေပြီး ဆုံလိုက်တိုင်း ရှက်နေကြတယ်ဆိုရင် ဘယ်သူကမှ စပြောနိုင်မှာ မဟုတ်ပါဘူး။
ကိုယ့် Crush ကို ကိုယ်သဘာကျကြောင်း ပြောပြဖို့က ရှက်တတ်တဲ့ မိန်းကလေးတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတဲ့ ပျိုမေတို့အတွက် အခက်အခဲအနေနဲ့ ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့် သူသိလာအောင် လမ်းဖောက်တဲ့နေရာမှာ ကိုယ့်ပုံစံအလိုက် ရွေးချယ်နိုင်မယ့် နည်းလမ်းတွေကို သိထားသင့်ပါတယ်။ ဒီတော့ နည်းလမ်းကောင်းတွေကို ကြည့်လိုက်ရအောင်နော်-
၁။ သင်က သူ့အပေါ် သဘောကျတာ တကယ်သေချာရဲ့လား အရင်ဆန်းစစ်ပါ
သင်သဘောကျကြောင်း သူသိအောင် မကြိုးစားခင် အရင်ဆုံး သင့်စိတ်ကို သင် ဆန်းစစ်သင့်ပါတယ်။ တချို့တွေက လူတစ်ယောက်ကို တစ်ရက်နှစ်ရက် Crush ပြီး နောက်သဘောမကျတော့တာတွေ ရှိပါတယ်။
သင်က သူ့ကို တကယ်သဘောမကျဘဲ သူ့ကို ဖွင့်ပြောလိုက်လို့ သူ့ဘက်က ပြန်သဘောကျတဲ့ အခါမှ သင့်ဘက်က အင်တင်တင် ဖြစ်သွားရင် သူ့အသည်းနှလုံးကို ခွဲသလို ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ခြေလှမ်းမစခင် အရင် သေချာလား ကိုယ့်ကိုယ်ကိုယ် မေးသင့်ပါတယ်။
၂။ သူ့စိတ်ဝင်စားမှုတွေကို ရှာဖွေပါ
သင့် Crush ကို ဖွင့်မပြောခင် အရင်ဆုံး သူဘာတွေ စိတ်ဝင်စားလဲ သိထားသင့်ပါတယ်။ သင်ဘာတွေကို သဘောကျ စိတ်ဝင်စားလဲ၊ သူဘယ်နေရာတွေ သွားရတာ ကြိုက်လဲ၊ သူအချိန်အများစုမှာ ဘာတွေလုပ်တတ်လဲ စသဖြင့် စုံစမ်းထားသင့်ပါတယ်။ သူနဲ့သင် အကြိုက်တူတာမျိုး ရှိတာနဲ့ သူ့ဆီ စကားစပြောဖို့ သင့်အတွက် အခွင့်အရေး ရသွားမှာဖြစ်ပါတယ်။
၃။ အားတင်းထားပါ
သူ့ဘက်က ကိုယ့်ကို သဘောကျတာ မသေချာသေးပေမယ့် သင်မထင်ထားဘဲ သူက သင့်ကို ကြိတ်ပြီး ကြွေနေတာ ဖြစ်နေနိုင်ပါတယ်။ သင်ဖွင့်ပြောလိုက်တဲ့အခါ ထူးခြားတဲ့ အဖြေတွေ ရနေနိုင်ပါတယ်။ သူကလည်း သင့်ကို ဖွင့်ပြောဖို့ အချိန်ကောင်းကို စောင့်နေတာ ဖြစ်နိုင်တာမို့ အပြုသဘော အတွေးမျိုးကို ထားသင့်ပါတယ်။
၄။ သင့်အတွေးတွေကို သူမဖတ်နိုင်ပါဘူး
လူတွေက ကိုယ့်အာရုံနဲ့ ကိုယ် အလုပ်ရှုပ်နေတတ်ပါတယ်။ သင်က မဖွင့်ပြောဘဲ သင့်အပြုအမူတွေကနေ သူ သိမှာပါလို့ ကွက်တိမှန်းထားလို့မရပါဘူး။ သူက သင့်ကို နားမလည်တာဖြစ်နိုင်သလို သင့်အမူအရာတွေကို သေချာ အတိအကျ ဖတ်နိုင်မှာ မဟုတ်လို့ ဖွင့်ပြောနိုင်ဖို့ အားမွေးသင့်ပါတယ်။
၅။ သူ့ရဲ့ သူငယ်ချင်းအနေနဲ့ အရင်နေပါ
သူ့ကို စကားစပြောရမှာ ကြောက်နေရင် သူ့ရဲ့ သူငယ်ချင်း မိတ်ဆွေအနေနဲ့ အရင် ချဉ်းကပ်သင့်ပါတယ်။ နှစ်ယောက်အတူတူ အချိန်ကုန်ဆုံးခွင့်ရမယ်ဆိုရင် သင့်ဘက်က စကားစနိုင်ဖို့ အခွင့်အရေး ပိုရပါတယ်။ Friend Zone ထဲ အရောက်မလွန်သွားဖို့တော့ အရေးကြီးပါတယ်။
၆။ သူ့ကို သဘောကျကြောင်း ပြောတဲ့အခါ
သင်က သူ့ကို သဘောကျတယ်လို့ ဖွင့်ပြောမယ်ဆိုရင်တော့ လိုင်းပေါ်က မပြောမိဖို့ သတိထားသင့်ပါတယ်။ သင့်ရဲ့ ခံစားချက်တွေကို အချင်းချင်း မျက်နှာချင်းဆိုင်ပြီး ဖွင့်ပြောသင့်ပါတယ်။ သူ့ကို ဖွင့်ပြောဖို့က အကောင်းဆုံးအချိန်၊ မှန်ကန်တဲ့အချိန်ဆိုတာ မရှိနိုင်တာမို့လို့ သင့်အတွက် နောင်တမရ ရအောင် ကြိုးစားပြီး ဖွင့်ပြောပါလို့ပဲ အကြံပေးပါရစေ။
Photo Source: Pinterest
By MyStyle Myanmar