မျက်ကွင်းညိုနေရင် ပုံမှန်ထက်ပိုပြီး အိုမင်းရင့်ရော်သလိုမျိုး၊ ပင်ပန်းနေသလိုမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် မျက်ကွင်းညိုတယ်ဆိုရင် သက်သာပျောက်ကင်းဖို့အတွက် ထရောက်မှုအရှိဆုံးဖြစ်တဲ့ ဒီအရာ ၇ ခုကို လုပ်ကြည့်ပါ။ အကုန်လုံးလုပ်စရာမလိုပါဘူး။ ဒီထဲက ၄ ခု၊ ၅ ခုကို သေချာလုပ်ပေးနိုင်ရင်ပဲ တော်တော်အဆင်ပြေနေပါပြီ။
အိပ်ပါ
မျက်ကွင်းညိုတာ သက်သာပျောက်ကင်းချင်ရင်တော့ အိပ်ရေးပျက်မခံပါနဲ့။ အိပ်ရေးဝအောင်အိပ်ပါ။ စောစောအိပ်ပါ။ ညဘက်နောက်မကျပါစေနဲ့။
ရေခဲကပ်ပါ
မျက်လုံးအောက်နား မျက်ကွင်းညိုတဲ့နေရာကို ရေခဲကပ်ပေးတာက မျက်ကွင်းညိုတာ သက်သာစေပါတယ်။ ပုံမှန်နေ့တိုင်းလုပ်ပေးသွားရင်တော့ ပိုကောင်းတဲ့ Result ကို ရရှိမှာပါ။
နေရောင်ခြည်ဒဏ်ကိုကာကွယ်ပါ
မျက်ကွင်းညိုတာ သက်သာပျောက်ကင်းဖို့အတွက် နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့လည်း လိုပါတယ်။ Sunscreen သေချာလိမ်းပါ။ နေပူထဲထွက်ရင် ဦးထုပ်၊ ထီး ဆောင်းပါ။ နေအရမ်းပြင်းတဲ့အခါ နေကာမျက်မှန်တပ်ပါ။ ဒီအချက်က အမြဲလုပ်ပေးရမှာပါ။
Eye Cream လိမ်းပါ
နေ့တိုင်းမဖြစ်မနေ လုပ်ပေးဖို့လိုတာကတော့ Eye Cream လိမ်းဖို့ပါပဲ။ Eye Cream ကောင်းကောင်းသုံးပါ။ ဒါဆိုရင် အချိန်ကြာလာတဲ့အခါ မျက်ကွင်းညိုတာ သိသိသာသာ သက်သာပျောက်ကင်းလာပါမယ်။
သခွားသီးကပ်ပါ
မျက်လုံးနားတစ်ဝိုက် မျက်ကွင်းညိုတဲ့နေရာကို သခွားသီးလှီးပြီးကပ်ပေးတာလည်း မျက်ကွင်းညိုတာ သက်သာစေပါတယ်။ လုပ်မယ်ဆိုရင် နေ့တိုင်းလုပ်ပေးပါ။
Almond Oil, Vitamin E လိမ်းပါ
ရေခဲကပ်တာ၊ သခွားသီးကပ်တာတွေ မလုပ်ချင်ဘူးဆိုရင် Almond Oil သို့မဟုတ် Vitamin E ကို လိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးရင် ရေနဲ့သေချာသန့်စင်ပြီး မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ပေးပါ။ မျက်လုံးနားတစ်ဝိုက် အသားအရေခြောက်သွေ့တာ သက်သာစေပြီး အသားအရေစိုပြည်လာစေတဲ့အတွက် မျက်ကွင်းညိုတာလည်း သက်သာပျောက်ကင်းလာမှာပါ။
Tea Bag ကပ်ပါ
နောက်ဆုံးအရာကတော့ Tea Bag ကပ်တာပါပဲ။ ရေနွေးပူထဲကို Tea Bag ထည့်စိမ်ပြီး Tea Bag ကို ပြန်ထုတ်ပါ။ ပြီးရင် ရေခဲသေတ္တာထဲ ခဏထည့်ပြီး အေးလာရင် မျက်လုံးမှာအုပ်ထားပေးပါ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင် မျက်ကွင်းညိုတာ သိသိသာသာ သက်သာပျောက်ကင်းလာပါမယ်။