လမ်းခွဲခဲ့ကြတဲ့ အကြောင်းအရင်း အမျိုးမျိုး ရှိကြပေမယ့် တချို့ဇာတ်လမ်းတွေမှာတော့ ရည်းစားဟောင်းဆီ ပြန်မသွားသင့်တဲ့ ဇာတ်လမ်းတွေ ရှိပါတယ်။ ဒီလိုသူတွေက ရည်းစားဟောင်းကို သတိရပြီး ပြန်လိုချင်တဲ့စိတ်ဖြစ်လာတဲ့အခါ၊ အရမ်းသတိရပြီး ပြန်ဆက်သွယ်ချင်စိတ်တွေ ဖြစ်လာတဲ့အခါမှာ လုပ်သင့်တဲ့အရာ ၅ ခုကို ပြောပြပေးလိုက်ပါတယ်။
ပြောချင်တာတွေချရေးပါ
သူ့ဆီကို တိုက်ရိုက်ဆက်သွယ်လိုက်မယ့်အစား သူ့ကိုပြောချင်နေတာတွေ၊ ပို့ချင်နေတာတွေကို အကုန်ချရေးလိုက်ပါ။ ချရေးပြီး ခဏခဏသာ ပြန်ဖတ်နေလိုက်ပါ။ ဒါဆိုရင် ကြာလာတဲ့အခါ ပို့ချင်စိတ်မရှိတော့တာ၊ မဆက်သွယ်ချင်တော့တာမျိုး ဖြစ်လာပါလိမ့်မယ်။
ဆက်သွယ်လို့မရအောင်လုပ်ထားပါ
အလွယ်တကူ ဆက်သွယ်လို့မရအောင် ဖုန်းတွေ၊ ဆက်သွယ်လို့ရမယ့်အရာတွေ အကုန်လုံးကို Block ထားလိုက်ပါ။ ဒါဆိုရင် လွယ်လွယ်နဲ့ မဆက်သွယ်မိတော့ဘူးပေါ့။
နာကျင်စရာတွေပြန်တွေးပါ
သတိရပြီး ပြန်လိုချင်လာတဲ့အခါ၊ ပြန်ဆက်သွယ်ချင်လာတဲ့အခါမှာ နာကျင်စရာတွေကို ပြန်တွေးနေပါ။ သူကိုယ့်အပေါ် ဘယ်လိုတွေလုပ်ခဲ့လဲ၊ ဘယ်လိုတွေပြောဆိုခဲ့လဲ၊ သူနဲ့တွဲတုန်းက ပျော်ခဲ့ရတာတွေကို ပြန်မတွေးပဲ ဝမ်းနည်းစရာတွေ၊ နာကျင်ခဲ့ရတာတွေကိုသာ ပြန်တွေးပါ။ ဒါဆိုရင် ပြန်သွားချင်စိတ်တွေ တစ်ဖြေးဖြေးပျောက်လာပါလိမ့်မယ်။
သူငယ်ချင်းကိုရင်ဖွင့်ပါ
တစ်ခါတစ်လေကျရင် ကိုယ်ခံစားနေရတာတွေကို ရင်ဖွင့်လိုက်တဲ့အခါ စိတ်သက်သာရာရပြီး ခံစားနေရတာတွေ လျော့ကျသွားစေပါတယ်။ ဒီတော့ တစ်ယောက်ထဲလည်း တွေးမနေနိုင်ဘူးဆိုရင် သူငယ်ချင်းဆီကိုသာ ရင်ဖွင့်လိုက်ပါ။ သူငယ်ချင်းနဲ့ စကားတွေပြောနေလိုက်ပါ။
စိတ်တည်ငြိမ်မယ့်အရာတွေလုပ်ပါ
ရည်းစားဟောင်းကို သတိရပြီး ပြန်လိုချင်တဲ့စိတ်တွေဖြစ်လာရင် တော်တော်များများက သီချင်းနားထောင်တာနဲ့ ပျော်ခဲ့ရတဲ့အတိတ်တွေကို ပြန်တွေးတာမျိုး လုပ်တတ်ကြပါတယ်။ အဲ့လိုလုပ်မယ့်အစား တွေးနေချိန်၊ ဆွေးနေချိန်မရှိအောင် စိတ်တည်ငြိမ်စေမယ့်အရာ တစ်ခုခုကို လုပ်နေပါ။ အချိန်ကြာကြာ လုပ်နိုင်လေ ကောင်းလေပါပဲ။ အပြင်တွေလျှောက်သွားပြီးလည်း ပျော်ပါးလို့ရပါတယ်။ ဒါမှမဟုတ် အချိန်ရရင် ခရီးထွက်ကြည့်ပါ။