Relationship တစ်ခုမှာ ယုံကြည်မှုက အရမ်းကို အရေးကြီးပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်စိတ်ချမှု ရဖို့ သေချာအချိန်ယူတည်ဆောက်ရတာ ဖြစ်ပါတယ်။ ယုံကြည်မှု တည်ဆောက်ခြင်းဟာ လွယ်ကူတဲ့ကိစ္စတစ်ခု မဟုတ်ပေမယ့် ယုံကြည်မှုတစ်ခု ပျက်စီးသွားဖို့ ကတော့ အရမ်းကို လွယ်ကူပါတယ်။ အကယ်၍ အကြောင်းအမျိုးမျိုးကြောင့် ချစ်သူနှစ်ဦးကြား ယုံကြည်မှု ပျက်စီးခဲ့တယ်ဆိုရင် နောက်တစ်ကြိမ် ယုံကြည်မှု ပြန်တည်ဆောက်နိုင်ဖို့ နည်းလမ်းကောင်း တချို့ ကို ပြောပြပေးချင်ပါတယ်။

(၁) အမှားကို ဝန်ခံပါ

သင့်အနေနဲ့ ယုံကြည်မှု ပျက်စီးသွားစေတဲ့ အမှားတစ်ခုခု ကျူးလွန်ခဲ့မိသည်ရှိသော် ကိုယ့်ရဲ့ အမှားအတွက် အပြည့်အဝ တာဝန်ယူလိုစိတ်ရှိဖို့ လိုပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ အမှားနဲ့ပတ်သတ်ပြီး သတ္တိရှိရှိ ဝန်ခံပြီး ဖြေရှင်းဖို့ ကြိုးစားသင့်ပါတယ်။

(၂) စိတ်ရှင်းအောင် ကြိုးစားပါ

နောက်တစ်ကြိမ် ယုံကြည်မှုတစ်ခု မတည်ဆောက်ခင်မှာ တစ်ယောက်အပေါ်တစ်ယောက် စိတ်ရှင်းလင်းမှု အပြည့်အဝရှိဖို့ လိုပါတယ်။ ပါးစပ်ကထုတ်မပြောပေမယ့် စိတ်ထဲမှာ အစိုင်အခဲတစ်ခုခု ကျန်ရှိနေသေးတယ်ဆိုရင် ယုံကြည်မှုအပြည့်အဝ ပြန်ရနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ပြဿနာရဲ့ အရင်းအမြစ်ကို သေချာဆွေးနွေးတိုင်ပင် ဖြေရှင်းပြီး တစ်ယောက်အပေါ်တစ်ယောက် ရာနှုန်းပြည့် စိတ်ရှင်းသွားစေဖို့ အရင်ဆုံး ကြိုးစားသင့်ပါတယ်။

(၃) ပွင့်လင်းမြင်သာမှုရှိပါစေ

ယုံကြည်မှု ပြန်ရဖို့ဆိုရင် ချစ်သူနှစ်ဦးကြားက ဆက်ဆံရေးဟာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုပါတယ်။ ကိုယ့်အပေါ် လျို့ဝှက်ချက်တစ်ခုခု ရှိနေတယ် ခံစားနေရတဲ့ ဆက်ဆံရေးတစ်ခုမှာ ဘယ်သူကမှ အပြည့်အဝ ယုံကြည်မှု ပေးနိုင်မှာ မဟုတ်ပါဘူး။ သံသယစိတ်ဟာ ယုံကြည်မှုကို ဖျက်စီးပစ်နိုင်တဲ့ အဓိကတရားခံဖြစ်တာကြောင့် သင့်အနေနဲ့ ချစ်သူနဲ့ ယုံကြည်မှု ပြန်တည်ဆောက်တော့မယ်ဆိုရင် ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ယုံမှားသံသယကွင်းစွာ ပြုမူနေထိုင်ဖို့ အကြံပြုချင်ပါတယ်။

(၄) တောင်းပန်ပါ

ယုံကြည်မှု ပျက်ပြားအောင် လုပ်မိတဲ့သူမှာ တောင်းပန်ဖို့ တာဝန်အပြည့်အဝ ရှိပါတယ်။ ချစ်သူနဲ့ ကိုယ်နဲ့ကြားက ယုံကြည်မှုတစ်ခုကို ပျက်စီးအောင် တစ်စုံတစ်ရာလုပ်ခဲ့မိတယ်ဆိုရင် ဒီအမှားအတွက် စိတ်မကောင်းကြောင်း သူ သိအောင် ဝန်ခံတောင်းပန်စကား ပြောဖို့ လိုပါတယ်။

အမှားကိုဝန်ခံပြီး တောင်းပန်စကားပြောပြီးချိန်မှာ သင့်အနေနဲ့ ဒီလိုအမှားမျိုး နောက်တစ်ကြိမ်ထပ်မရှိစေဖို့အကြောင်းကိုလည်း ကတိပေးသင့်ပါတယ်။ ကိုယ်ပေးထားတဲ့ ကတိကို တည်တန့်အောင် ထိန်းသိမ်းနိုင်မယ်ဆိုရင် သူမဘက်က ယုံကြည်မှုကို ပြန်လည်ရယူနိုင်မှာပါ။