မင်္ဂလာပါ ပျိုမေတို့ရေ။ အခုနောက်ပိုင်း Skincare လုပ်တဲ့အခါ မျက်နှာပေါ်တင်လိုက်ရုံတင်မဟုတ်ဘဲ တကယ်တမ်းအရေပြားထဲစိမ့်ဝင်ပြီး မျက်နှာတင်းတင်းရင်းရင်းလေးဖြစ်စေမယ့် Facial Tools လို့ခေါ်တဲ့ အကူကိရိယာတွေကိုပါ သုံးလာကြပါတယ်နော်။ ဒီလိုလုပ်ပေးတာက မျက်နှာကြွက်သားတွေကိုပါ လှုံ့ဆော်ပေးသလိုဖြစ်တာမို့ အရေပြားအတွင်း သွေးလည်ပတ်မှုပိုကောင်းပြီး မျက်နှာအစိတ်အပိုင်းတွေ အချိုးကျလာစေဖို့ပါ ကူညီပေးနိုင်ပါတယ်။ သင့်အနေနဲ့လည်း Skincare လုပ်မယ်ဆို ဒီလိုမျိုး ပစ္စည်းလေးတွေ ရှိထားတာက မျက်နှာကြောတွေပြေလျော့ပြီး ကိုယ်ပိုင် Spa ရောက်သွားသလို ခံစားချက်မျိုး ရစေမှာပါနော်။ ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ Skincare လုပ်တဲ့အခါ ပိုပြီးထိရောက်ဖို့ ပျိုမေတို့ သုံးပေးသင့်တဲ့ ပစ္စည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
ရေနွေးငွေ့ပေးစက်
မျက်နှာအတွက် ရေနွေးငွေ့ပေးတာက သင့်မျက်နှာပေါ်က ပိတ်နေတဲ့ချွေးပေါက်တွေ အကုန်ပွင့်ပြီး Skincare စိမ့်ဝင်မှုကောင်းစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ရေနွေးငွေ့ပေးပြီး ချွေးပေါက်ပွင့်နေတဲ့အချိန် မျက်နှာသန့်စင်ပေးတာက ချွေးပေါက်အတွင်းပိုင်းထိ သန့်စင်စေပြီး အစိုဓာတ်လည်းဖြည့်ပြီးသား ဖြစ်တာမို့ အထူးသဖြင့် အဆီပြန်ပြီး ချွေးပေါက်ပိတ်လွယ်တဲ့သူတွေမှာ ရေနွေးငွေ့ပေးတဲ့ ပစ္စည်းရှိထားတာမမှားပါဘူး။
ကျောက်စိမ်း (သို့) Rose Quartz Roller
အသားအေးစေတဲ့ ကျောက်စိမ်း (သို့) Rose Quartz Roller လေးနဲ့ မျက်နှာကိုနှိပ်နယ်ပေးလိုက်ပါနော်။ Skincare လိမ်းတဲ့ချိန် (သို့မဟုတ်) မျက်နှာ Mask ကပ်တဲ့အချိန်တွေမှာ Roller သုံးပြီး ခပ်ဖြေးဖြေးနှိပ်နယ်ပေးတာက မျက်နှာကြောပြေပြီး အရေးအကြောင်းတွေသက်သာစေသလို Skincare စိမ့်ဝင်မှုလည်း ပိုများပါတယ်။
Gua Sha
အခုနောက်ပိုင်း မိန်းကလေးတွေကြား လူသိများလာတဲ့ Gua Sha ကလည်း အသားအရေအတွက်ရော မျက်နှာအချိုးအစားအတွက်ပါ အရမ်းအသုံးဝင်ပါတယ်နော်။ Skincare လိမ်းပြီး Gua Sha နဲ့နှိပ်နယ်ပေးတာက မျက်အိတ်၊ မေးရိုးနဲ့ပါးမို့ဖောင်းတာတွေ၊ မေးနှစ်ထပ်ဖြစ်တာတွေကို သက်သာစေပြီး သွေးလည်ပတ်မှု ကောင်းစေတာမို့ အသားအရေလေးကြည်ပြီး တင်းတင်းရင်းရင်းဖြစ်စေမှာပါ။
Cleansing Brushes
မျက်နှာသစ်တဲ့အခါ လက်နဲ့ပွတ်တာထက် Cleansing Brush လေးပါ သုံးပေးတာက ဖုန်နဲ့ အညစ်အကြေးတွေ ပိုပြောင်ဖို့ ကူညီပေးပါတယ်နော်။ မျက်နှာအရေပြားတွင်းက သဘာဝအဆီအနှစ်တွေမဆုံးရှုံးရအောင် Brush အသွားကြမ်းတာမျိုးကိုတော့ မသုံးမိအောင်ရှောင်ပေးပါ။ Brush အမွှေးနုတာလေးနဲ့ ဖြေးဖြေးချင်းပွတ်ပြီး မျက်နှာသစ်ပေးပါ။ သစ်ပြီးတဲ့အခါ ပုံမှန်ထက်ပို မျက်နှာအသားအရေလေးနူးညံ့ကြည်လင်လာတာကို သတိထားမိပါလိမ့်မယ်။
Photo Source: Pinterest
By MyStyle Myanmar