Gym ဆော့တဲ့ လူအများစုက သီချင်းနားထောင်ပြီး အားကစား လုပ်လေ့ရှိပါတယ်။ တစ်ခါတလေ Gym ရုံတွေက သီချင်းဖွင့်ပေးတာတွေလည်း ရှိပါတယ်။ သီချင်း နားထောင်ပြီး အားကစား လုပ်မယ်ဆိုရင် ပြီးစီးတဲ့အချိန်မှာတောင် စိတ်ကျေနပ်ကာ ပျော်ရွှင်နေတာကို ခံစားရနိုင်ပါတယ်။ လေ့လာချက်တွေအရလည်း သီချင်းဖွင့်ပြီး အားကစားလုပ်တာက အကျိုးကျေးဇူးအများအပြားကို ပေးနိုင်ကြောင်း သိရပါတယ်။ ဒီတစ်ခေါက်မှာတော့ သင်ကိုယ်တိုင် သိနိုင်ဖို့ သီချင်းနားထောင်ပြီး အားကစားလုပ်ရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်-
၁။ သင့်စိတ်ခံစားချက်ကို ကောင်းစေတယ်
အနားယူတဲ့အခါ သီချင်းအေးအေးတွေ နားထောင်ကြသလို လေ့ကျင့်ခန်းလုပ်တဲ့အခါမှာတော့ တီးလုံး မြူးကြွတဲ့ သီချင်းတွေကို နားထောင်နိုင်ပါတယ်။ သင်က စိတ်ခံစားချက်ကို ဦးစားပေးပြီး အားကစားလုပ်တာ မဟုတ်ပေမယ့် သီချင်းက သင့်စိတ်ခံစားမှုကို ပြောင်းလဲစေနိုင်ပါတယ်။ သင်က Gym မှာ မြူးမြူးကြွကြွ သီချင်းကို ကြားရမယ်ဆိုရင် သီချင်းကို မကြိုက်ရင်တောင် အားကစားလုပ်ရင် တီးလုံးနဲ့အတူ လှုပ်ရှားမှု ပိုမြန်နိုင်ပါတယ်။
၂။ စိတ်အပြောင်းအလဲ ဖြစ်စေတယ်
အားကစားလုပ်တာ ဘယ်လောက် မောပန်းနေပါစေ ကိုယ်ကြိုက်တဲ့ သီချင်း မြူးမြူးလေး ကြားရင် အမောတွေ ခဏတဖြုတ် ပျောက်သွားစေနိုင်ပါတယ်။ ခန္ဓာကိုယ် မောပန်းနေရင်တောင် သီချင်းကြောင့် ပျော်ရွှင်စိတ်တွေ ဖြစ်ပေါ်နေပြီး လေ့ကျင့်ခန်း ပိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ အရမ်းခက်ခဲတဲ့ HIIT လေ့ကျင့်ခန်းတွေအတွက်တော့ သီချင်းက ထိရောက်လေ့မရှိပါဘူး။
၃။ တီးလုံးနဲ့အတူ လိုက်လုပ်တဲ့အခါ
သီချင်း Beat နဲ့အတူ ကွက်တိကျတဲ့ လေ့ကျင့်ခန်းအကွက်တွေကို သင်ကြုံဖူးမှာပါ။ အထူးသဖြင့် Cardio လေ့ကျင့်ခန်း လုပ်တယ်ဆိုရင် သီချင်းနဲ့အတူ ကွက်တိကျအောင် လုပ်နိုင်ပါတယ်။ ဒီလို သီချင်းနဲ့ ထပ်တူကျမယ်ဆိုရင် သင့်အတွက် မောပန်းတယ်လို့ သိပ်မခံစားစေရတော့ပါဘူး။
၄။ သင့်လှုပ်ရှားမှုကို တိုးတက်စေတယ်
လေ့ကျင့်ခန်း လုပ်ရုံနဲ့တော့ မလုံလောက်သေးပါဘူး။ လေ့ကျင့်ခန်း နည်းလမ်းတွေကို မှန်ကန်အောင် လုပ်ဖို့ကလည်း အရေးပါနေပြန်ပါတယ်။ မှန်မှန်ကန်ကန် မလုပ်နိုင်ဘူးဆိုရင် ကြွက်သား၊ အရိုးနာတာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ရင်း သီချင်းဖွင့်ထားမယ်ဆိုရင်တော့ သင့် လှုပ်ရှားမှုကို ပိုမှန်ကန်စေပြီး ဟန်ချက်ညီစေပါတယ်တဲ့။
Photo Source: Pinterest
By MyStyle Myanmar