အားလုံးပဲ မင်္ဂလာပါ။ ဆံနွယ်တွေရှင်းရတာ၊ ခေါင်းဖြီးရတာက ပျိုမေတိုင်းအတွက် နေ့စဉ်လုပ်ငန်းတစ်ခုလိုပါပဲနော်။ ခေါင်းပုံမှန်ဖြီးတဲ့အခါ ဦးရေပြားကို သွေးလည်ပတ်မှုကောင်းစေသလို ဆံသားအတွက် အားဖြည့်ပေးပြီး ဆံပင်အရှည်လည်း မြန်စေပါတယ်။ ဒါပေမယ့် ဒီလိုအကျိုးကျေးဇူးတွေ ရဖို့ဆိုရင် ကိုယ့်ဆံသားအမျိုးအစားအလိုက် မှန်ကန်တဲ့ခေါင်းဖြီးနည်းကို သိထားမှ အဆင်ပြေမှာပါ။ ဒါကြောင့် ဒီတစ်ခေါက်မှာ ပျိုမေတို့အတွက် ဆံပင်အရှည်မြန်စေမယ့် ခေါင်းဖြီးနည်းကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံး ဆံသားအထူအပါးနဲ့ ဖြီးနေကျအချိန်အပေါ် မူတည်ပြီး သုံးမယ့်ခေါင်းဖြီးကို ရွေးချယ်ဖို့လိုပါတယ်။ အသွားတွေရဲ့ အောက်ခြေမှာ လေအိတ်အဖောင်းပါတဲ့ ဘီးတွေက ဦးရေပြားနဲ့ထိတဲ့အခါ ဆံသားအရင်းကို ပွတ်ဆွဲသွားတာမျိုးမဖြစ်ဘဲ ဖိနှိပ်ပေးသလိုဖြစ်တာမို့ ဦးရေပြားသွေးလည်ပတ်မှုကောင်းကာ ဆံပင်ကျွတ်လည်း သက်သာစေပါတယ်။
ဆံပင်ရေစိုနေတုန်းဖြီးမယ်ဆိုရင် အသွားကျဲတဲ့ Wooden ဘီးတွေကို သုံးဖို့ မမေ့ပါနဲ့နော်။ ရေစိုနေတဲ့အချိန်က ပုံမှန်ထက် ဆံပင်အရင်းတွေ ပုံမှန်ထက်အားနည်းပြီး ကျွတ်လွယ်တာမို့ အရင်ဆုံးလက်ချောင်းတွေနဲ့ ဆံပင်ကိုသပ်ချပြီးမှ အသွားကျဲခေါင်းဖြီးနဲ့ ပြန်ဖြီးပေးသင့်ပါတယ်။
ညှိလွယ်၊ ထုံးလွယ်တဲ့ဆံသားပိုင်ရှင်တွေက ဆံပင်အထုံးတွေဖြည်ဖို့အတွက် Paddle Brush ကိုသုံးတာ ပိုသင့်တော်ပါတယ်။ မလိုအပ်ဘဲ ဆံပင်မကျွတ်ရအောင် ဆံသားအဖျားတွေကို အရင်ဆုံးဖြီးပြီးမှ အရင်းပိုင်းကို ဖြီးပေးပါ။
ဆံပင်ပွတတ်တဲ့သူတွေဆိုရင် ဆံကြောင်းနေရာတွေကို အစိုဓာတ်ဝင်နေအောင် Hair Serum (သို့) Leave-In Conditioner တစ်မျိုး လိမ်းထားပြီးမှ ဖြေးဖြေးချင်း ဖြီးသင့်ပါတယ်။ ဦးရေပြားအစိုဓာတ်ရနေတဲ့အခါ သွေးလည်ပတ်မှုကောင်းပြီး ဆံပင်ကျွတ်သက်သာတာမို့ ဆံပင်သန်ပြီး ဆံနွယ်လေးတွေ ရှင်းစေမှာပါ။
သင်က ဆံပင်ထူတဲ့အထဲပါတယ်ဆိုရင် အသွားနူးညံ့တဲ့ Paddle Brush တွေနဲ့ ဆံကြောင်းခွဲကာ တစ်ကြောင်းချင်း အဖျားကတစ်ဆင့် အရင်းထိ ဖြီးသွားပေးဖို့လိုပါတယ်။
By MyStyle Myanmar