ဘယ်သူနဲ့တွဲတွဲ အဆင်မပြေဘူး ခဏခဏရန်ဖြစ်စကားများနေရတာပဲဆိုရင် ဒီအချက်တွေကို လုပ်နေမိလားဆိုတာ ပြန်စဉ်းစားကြည့်ပါ။ ဒီပြဿနာတွေက သိပ်အရေးမကြီးပဲ အသေးအမွှားလေးတွေ ဆိုပေမယ့်လည်း ဒါတွေကြောင့်ပဲ Relationship တွေကြားမှာ ခဏခဏရန်ဖြစ်စကားများပြီး အဆင်မပြေ ဖြစ်ကြရပါတယ်။

တစ်ချိန်လုံးအချိန်ပေးစေချင်ခြင်း

တချို့ကျတော့ တစ်ချိန်လုံး ကိုယ့်ကိုပဲအချိန်ပေးတာမျိုး လိုချင်ကြပါတယ်။ လူတိုင်းမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ကိုယ်ပိုင်အချိန်ဆိုတာ ရှိသင့်ပါတယ်။ အဲ့တာကို Game ဆော့တာနဲ့ စိတ်ကောက်တာမျိုး၊ ကိုယ်နဲ့စကားမပြောတဲ့အချိန်တိုင်း စိတ်ကောက်ပြီး ပြဿနာရှာတာမျိုးတွေ မလုပ်သင့်ပါဘူး။ ခဏခဏဆို စိတ်ညစ်စရာဖြစ်လာပါလိမ့်မယ်။

အရာရာလိုက်စစ်ဆေးနေခြင်း

အရမ်းသဝန်တိုတတ်တဲ့သူတွေဆီမှာ ပိုပြီးဖြစ်လေ့ရှိပါတယ်။ အဲ့တာကတော့ ကိုယ့်ချစ်သူကို အရာရာ လိုက်စစ်ဆေးနေတာပါပဲ။ ကိုယ်နဲ့အတူမရှိတဲ့အချိန်တွေမှာ ဘာလုပ်နေလဲ၊ ဘယ်သွားနေလဲ တစ်ချိန်လုံး လိုက်မေးနေတာ၊ မယုံသင်္ကာဖြစ်နေတာ၊ Social Media မှာဆိုလည်း အရာရာလိုက်ကြည့်ပြီး ပြောဆိုနေတာ၊ စစ်ဆေးမေးမြန်းနေတာတွေက ပြဿနာတွေပိုဖြစ်စေပါတယ်။ အသေးအမွှားပြဿနာဆိုပေမယ့် ဒါတွေက ခဏခဏဆို တစ်ဖက်လူက စိတ်ကုန်လာပါလိမ့်မယ်။

ခဏခဏစွပ်စွဲခြင်း

သေချာမသိတဲ့အကြောင်းအရာတစ်ခုနဲ့ အမြဲတမ်း လိုက်စွပ်စွဲပြီး ကိုယ်ထင်တာတွေပြောနေတာ၊ မယုံသင်္ကာဖြစ်နေတာတွေက မကောင်းပါဘူး။ ကိုယ့်ချစ်သူအပေါ်မှာ ယုံကြည်မှုမရှိရင် ကိုယ်တိုင်လည်း စိတ်ဆင်းရဲရသလို တစ်ဖက်လူကလည်း စိတ်ညစ်ရပါတယ်။ မဟုတ်တာလည်းမလုပ်ပဲ အမြဲစွပ်စွဲနေတာကျတော့ အဆင်မပြေနိုင်ပါဘူး။

အပေါင်းအသင်းနဲ့ပတ်သက်ပြီးပြောခြင်း

အပေါင်းအသင်းဆိုတာက ကိုယ်နဲ့မတွဲခင်ထဲက ခင်မင်လာရတဲ့သူတွေပါ။ အဲ့တာတွေကအစ လိုက်ပိတ်ပင်ပြီး ပြောဆိုနေတာမျိုး မလုပ်သင့်ပါဘူး။ တချို့ဆိုရင် အပေါင်းအသင်းတွေနဲ့ မတွေ့ခိုင်းတာမျိုး ကိုယ်မပါပဲ မသွားခိုင်းတာမျိုး၊ ဟိုလူနဲ့စကားမပြောနဲ့ ဒီလူနဲ့မပေါင်းနဲ့ဆိုတာမျိုးတွေ ရှိပါတယ်။ အဲ့လိုတွေလုပ်တာက နှစ်ယောက်လုံးအတွက် မကောင်းပါဘူး။ ခဏခဏပြဿနာဖြစ်ပြီး လမ်းခွဲရတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။