ဘဝမှာ အမှန်တကယ် အောင်မြင်ချင်ရင် ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာ သိပါသလား။ သင့်ရဲ့ စိတ်ကသာ အဓိက အကျဆုံးပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်က ကိုယ်တိုင် နိုးထတက်ကြွတဲ့ အချိန်ရောက်မှသာလျှင် စိတ်ဓာတ်တက်ကြွပြီး ကြိုးစားချင်စိတ်ရှိလာကာ အောင်မြင်ဖို့အတွက် လုပ်ဆောင်မှာပဲဖြစ်ပါတယ်။

သင့်ရဲ့စိတ်က လေးလံထိုင်းမှိုင်းပြီး ပျင်းရိပျင်းတွဲဖြစ်နေမယ်ဆိုရင်တော့ အောင်မြင်မှုနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းပဲဖြစ်ပါတယ်။ ဒါ့ကြောင့် တကယ် အောင်မြင်ချင်တယ်ဆိုရင် “မဖြစ်ဖြစ်အောင် လုပ်မယ်ကွာ” ဆိုတဲ့ တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်မျိုး လိုအပ်ပါတယ်။

ဒီလိုစိတ်မျိုးရရှိအောင် Self-Motivation ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ် တက်ကြွလာအောင် ကိုယ်ကိုယ်တိုင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ် တက်ကြွလာအောင် လုပ်ဆောင်ရတာသည်လည်း အပြောက လွယ်သလောက် လုပ်ရတာကတော့ ခက်ပါတယ်။

အထူးသဖြင့် ကိုယ့်မှာ ခြေကုန်လက်ပန်း ကျနေတဲ့အချိန်၊ ကိုယ့်ကို ငွေရေး ကြေးရေးအရရော၊ စိတ်ပိုင်းဆိုင်ရာ အရပါ ထောက်ပံ့ပေးမယ့် သူမရှိတဲ့အခါ Self-Motivation ဖြစ်ဖို့ အင်မတန်ခက်ပါတယ်။ ဒီလိုမျိုး ကျဥ်းထဲကြပ်ထဲ ရောက်နေတဲ့အခါ၊ အရာရာကို အရှုံးပေးချင်စိတ် ပေါက်လာတဲ့အခါမှာတော့ အခုဖော်ပြပေးမယ့် အချက်များနဲ့ ကိုယ့်ကိုယ်ကိုယ် ခွန်အားပြန်ပေးသင့်ပါတယ်။

အလေ့အကျင့်ကောင်းများ ဖန်တီးပါ

အလေ့အကျင့်ကောင်းဆိုတဲ့အရာမှာ ကိုယ့်အတွက် ကောင်းကျိုးပေးတဲ့ အရာတွေ မှန်သမျှကို ဆိုလိုပါတယ်။ ဥပမာ – ကျန်းမာရေးနှင့် ညီညွှတ်အောင် စားသောက်ပြီး ကျန်းမာရေးနှင့်အညီ နေထိုင်ခြင်းသည်လည်း အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။

ဒါ့အပြင် လုပ်စရာရှိတဲ့ အလုပ်များကို အချိန်မဆွဲဘဲ ချက်ချင်း လုပ်ဆောင်ခြင်းသည်လည်း ကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်ပြီး စိတ်အပန်းဖြေချင်တယ်ဆိုရင်တောင် အလုပ်ကို အရင်လုပ်ပါ၊ နောက်မှ အနားယူပါ။

SMART ဆိုတဲ့ စကားလုံးကို သတိရပါ

S ဆိုတာကတော့ Specific ကို ဆိုလိုတာဖြစ်ပါတယ်။ သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေသည် ယောင်ဝါးဝါး ဖြစ်နေလို့မရပါဘူး။ တိကျရပါမယ်။ M ဆိုတာကတော့ Measurable ကို ဆိုလိုတာဖြစ်ပြီး ရည်မှန်းချက် ပန်းတိုင်တွေကို တိုင်းတာလို့ရရပါမယ်။

ဘယ်အချိန်မှာ အောင်မြင်သလဲ၊ ဘယ်အတိုင်းအတာအထိ အောင်မြင်သလဲ စတာတွေကို တိုင်းတာရမှာပဲဖြစ်ပါတယ်။ A ဆိုတာကတော့ Achievable ကို ဆိုလိုတာဖြစ်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်သည် ကိုယ်ကိုယ်တိုင်က ကြိုးစားပြီး ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဆိုလိုတာကတော့ “Realistic” လက်တွေ့ဆန်ရမှာပဲဖြစ်ပါတယ်။

လက်တွေ့မဆန်တဲ့ ရည်မှန်းချက်တွေသည် ဖြစ်မြောက်အောင် မလုပ်ဆောင်နိုင်ပါဘူး။ နောက်ဆုံးတစ်ခုကတော့ “Time-Bound” အချိန် အကန့်အသတ်ချမှတ်ထားပြီး ထိုအချိန်တစ်ခုအတွင်း ရည်မှန်းချက်များ ဖြစ်မြောက်အောင် လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။

သက်သောင့်သက်သာ ထိုင်မနေပါနဲ့

သက်သောင့်သက်သာ ထိုင်နေတဲ့ ဘဝကြီးမှ ပျော်မွေ့နေမယ်ဆိုရင်တော့ ဘဝကြီးက နေရာတစ်ခုမှာပဲ ရပ်တန့်နေမှာဖြစ်ပြီး အောင်မြင်ဖို့အတွက် အလားအလာမရှိတော့ပါဘူး။ Comfort Zone ထဲက ရုန်းထွက်နိုင်မှသာလျှင် အောင်မြင်မှုကို ရရှိနိုင်မှာဖြစ်ပါတယ်။

တစ်ခု သတိထားရမှာကတော့ Comfort Zone ထဲက ရုန်းထွက်မှ အောင်မြင်မယ်ဟေ့ဆိုပြီး အတင်းကာရော ရုန်းထွက်မနေပါနဲ့။ ဥပမာ ကိုယ်က Marketing ပိုင်းမှာ ကျွမ်းကျင်အဆင့်ကို ရောက်လာတဲ့အခါ သက်သောင့်သက်သာဖြစ်လာသလို ခံစားရပါလိမ့်မယ်။

ကိုယ့်ရဲ့ နေ့စဥ် လုပ်ငန်းဆောင်တာတွေသည် လွယ်ကူလာပြီး Comfort Zone ထဲမှာ ရောက်နေတယ်လို့ ခံစားရပါလိမ့်မယ်။ ထိုဇုန်ထဲကနေ အတင်းကြီး ရုန်းထွက်မယ်ဆိုပြီး အင်ဂျင်နီယာ လုပ်ငန်းထဲ ဝင်မယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။

မိမိကိုယ်ကိုယ် ဆုချပါ၊ အမှားတွေအတွက်လည်း ခွင့်လွှတ်ပါ

Self-Motivation ပြုလုပ်တဲ့အခါ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ဓာတ် တက်ကြွအောင် လုပ်ခြင်းဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကိုယ် စိတ်ပါတဲ့အရာ၊ ကိုယ် ဝါသနာပါတဲ့အရာ၊ ကိုယ့်ကို စိတ်ပျော်ရွှင်စေတဲ့အရာများကို လုပ်ဆောင်ခြင်းသည် ကွီးတို့ကို စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုကို လုပ်ဆောင်ပေးပါတယ်။

ကိုယ့်ရဲ့ ကြိုးစားမှုတွေက အရာထင်လာပြီး တိုးတက် အောင်မြင်လာတယ်လို့ ယူဆတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချခြင်းကတော့ ပြင်ပမှလာတဲ့ စိတ်ဓာတ် တက်ကြွခြင်းပဲဖြစ်ပါတယ်။ ဒီနေရာမှာ သတိထားရမယ့်အချက်ကတော့ လူတိုင်းသည် အမှားလုပ်တတ်ပါတယ်။ အမှားလုပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် အချိန်အကြာကြီး အပြစ်ဖို့နေမယ့်အစား အမှားထဲက သင်ယူပြီး ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်တတ်ဖို့လည်း လိုအပ်ပါတယ်။

ဒီအချက်တွေကတော့ ကွီးတို့ ကိုယ်တိုင် နိုးထ တဲ့ အချိန် ရောက်လာအောင် ကူညီပေးမယ့် အချက်တွေပဲဖြစ်ပါတယ်။ ကွီးတို့ရော ကိုယ်ကိုယ်တိုင် နိုးထ ဖို့ အချိန် ဘယ်တော့ ရောက်လာမှာလဲ။